Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

Wednesday, 19 December 2012

“ဝီရသူ သဘောထားထုတ်ပြန်ကြေညာ ၁၂/၇၄”



ရက်စွဲ။ ။ ၁၃၇၄-ခု နတ်တော်လဆန်း (၅)ရက်၊
 (၁၈-၁၂-၂၀၁၂) အင်္ဂါနေ့
 ၁၃၇၄-ခု နတ်တော်လ္ဆန်း(၂)ရက်။
(၁၅-၁၂-၂၀၁၂)ရက်နေ့ ညနေ(၃)နာရီအချိန်၊
 မန္တလေးမြို့၊ အတုမရှိကျောင်းတော်


 ကြီး၌ ကျင်းပသော ဝန်ချတောင်းပန်ပွဲ အခမ်းအနားနှင့်ပတ်သက်၍ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ အစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက ဘဒ္ဒန္တဝိစိတ္တာဘိဝံသ- အရှင်ဝီရသူ(မစိုးရိမ်)၏ သဘောထားအမှန်ကို ထုတ်ပြန်ကြေညာအပ်ပါ သည်။


          သမ္မတရုံးဝန်ကြီး ဦးလှထွန်းသည် ပြည်တောင်စုအစိုးရ၏ ကိုယ်စားလှယ်ဖြစ်သည်။ ကြွရောက်လာသော သံဃာတော်များတွင် လက်ပံတောင်းတောင် ပြည်သူ့အရေးတော်ပုံ၌ သွေးမြေကျခဲ့ရသော စော်ကားခံရသူ ကာယကံရှင်များ ပါဝင်သည်။

 ၎င်းတို့၏ အုပ်ထိန်းသူ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများပါဝင်သည်။ ဤသို့ သံဃာပရိသတ်၊ လူပရိသတ် ရှေ့မှောက်၌ ဝန်ချတောင်းပန်ခြင်းဖြစ်သောကြောင့် တောင်းပန်မှုသည် သံဃာတော်များကျေနပ်သည့်အဆင့်၊ သူတော်ကောင်း များ သာဓုခေါ်သည့် အဆင့်ထိ တိုးတက်ခဲ့သည်။

          ဤသို့ ဝန်ချတောင်းပန်ပွဲကြီး ဖြစ်မြောက်ဖို့အတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသော သံဃာတော်များ၊ ဦးဆောင်သံဃာတော် များ၊ ပြည်သူပြည်သားများကို ကျေးဇူးဥပကာရတင်မိပါသည်။

 မိမိသည် သံဃာများကို စော်ကားသူများကိုသာ မကျေနပ် သည်မဟုတ်ပါ။ သံဃာများကို ထိုးကျွေးသူရော စားရက်သူများကိုပါ မကျေနပ်သူဖြစ်ပါသည်။ သံဃာများကို စော်ကားမှု၌ အဓိကတရားခံကို ဖော်ထုတ်အရေးယူဖို့ပါ တောင်းဆိုခဲ့သူဖြစ်ပါသည်။

          ၂၉-၁၁-၂၀၁၂-ရက်နေ့ လက်ပံတောင်းတောင် ပြည်သူ့အရေးတော်ပုံ သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းမှု၏ နောက်ကာလ၌ ဆန္ဒဖော်ထုတ်ပွဲများ မြို့ကြီးများသို့ ပျံ့နှံ့လာသည့်အခါ အများပြည်သူနည်းတူ မိမိလည်း စိုးရိမ်စိတ် ဝင်ခဲ့မိသည်မှာ အမှန်ပင်ဖြစ်ပါသည်။

မျက်မှောက်မြန်မာ့နိုင်ငံရေး၌ အခြေအနေများ ရှုပ်ထွေးနေချိန်တွင် သံဃာများ ဆန္ဒဖော်ထုတ်ပွဲကို အသုံးချ ၍ နိုင်ငံရေးပယောဂများ ဖန်တီးကာ တိုင်းပြည်ကို ချောက်ထဲတွင်းချဖို့ ကြံစည်တတ်သူများ စိတ်ကြိုက်ဖြစ်သွားမည်ကို စိုးရိမ်ခြင်း ဖြစ်ပါသည်။

          လက်ပံတောင်းတောင် ပြည်သူ့အရေးတော်ပုံတွင် ဦးဆောင်သော နိုင်ငံရေးသမားများ ဒဏ်ရာမရကြပါ။ အသိမကြွယ် လူမမယ်အရွယ်မျှသာဖြစ်သော သံဃာငယ်လေးများနှင့် အရိုးခံရွာသူ/ရွာသားများသာ သွေးမြေကျခဲ့ရခြင်း ဖြစ်ပါသည်။

 အကြမ်း ဖက်ဖြိုခွင်းခံရပြီးသည်၏ အခြားမဲ့၌လည်း သံဃာများကို ခုတုံးလုပ်၍ ဒုတိယရှစ်လေးလုံးအသွင် ဖန်တီးတော့မည့် အရိပ် အယောင်များ တွေ့လာရပါသည်။

ကိုယ်တိုင်ပါဝင်ဆောင်ရွက်သူများက သတိမထားမိသော်လည်း ပရိသတ်အမြင်မှာ ထင်ရှား နေပါသည်။ မိမိရောက်လေရာ အရပ်တိုင်း၌ ပြည်သူလူထု၏ စိုးရိမ်ရေအမှတ်ကို တတ်အပ်သိမြင်ခဲ့ရပါသည်။

          ဤသို့ သံဃာ့ဆန္ဒနှင့် ပြည်သူ့သောကတို့ တိုက်ရိုက်တိုးမိနေချိန်တွင် သံဃာ့ဆန္ဒလည်း ပြည့်ဝ၍ ပြည်သူ့သောက လည်း ငြိမ်းအေးစေရန်အလို့ငှါ အစိုးရအပေါ် မေတ္တာရပ်ခံကာ အနာနှင့်ဆေး တည့်အောင်ပေးစေရန် ရည်ရွယ်ခြင်း၊ ပယောဂများ ဝင်မပူးအောင် ဟန့်တားကာကွယ်ခြင်းသာ ဖြစ်ပါသည်။

 ထို့ကြောင့်…….
(က) တရားပွဲများတွင် ထည့်သွင်းဟောကြားခြင်း၊ မီဒီယာများမှ တစ်ဆင့် အသိပေးပြောကြားခြင်းများအပေါ် မိမိမှာ အပြစ်တစ်စုံတစ်ရာရှိပါက သံဃာပေးသော ပြစ်ဒဏ်ကို ကြည်ဖြူလိုလားစွာ ခံယူမည်ဖြစ်ကြောင်း အတိအလင်း ထုတ်ပြန် အပ်ပါသည်။

(ခ) လယ်တီဆရာတော်ကြီး၏ အဖိုးအနဂ္ဃထိုက်လှသော သာသနာ့အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်မည့် ကတိ စကားကိုလည်း ကြိုဆိုပါသည်။ ၎င်းကတိအတိုင်း သံဃာတော်များ စိတ်တိုင်းကျဖြစ်အောင် ခေတ်မီကိရိယာများ၊ နည်းစနစ်များဖြင့် လုံခြုံစိတ်ချရသည်အထိ အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ရန်လည်း တိုက်တွန်းပါသည်။

(ဂ) လက်ပံတောင်းတောင် ပြည်သူ့အရေးတော်ပုံ အကြမ်းဖက် ဖြိုခွင်းခံရမှုကြောင့် သံဃာတော်များ သွေးမြေကျရမှုကို မခံမရပ်နိုင်ဖြစ်၍ ဆန္ဒဖော်ထုတ်ရာမှ အထိန်းသိမ်းခံရသော ကိုအောင်မှိုင်းဆန်း၊ ကိုသိန်းအောင်မြင့်၊ ကိုသန်းထိုက်နှင့် ကိုမင်းနိုင်လွင်တို့ကို အမြန်လွှတ်ပေးဖို့လည်း တောင်းဆိုအပ်ပါသည်။

(ဃ) ဒေါ်အောင်ဆန်းစုကြည်၏ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို အပြည့်အဝထောက်ခံရန်နှင့်၊ ကော်မရှင်အား အဖက်ဖက်မှ ဝိုင်းဝန်းကူညီကြရန် ထပ်မံတိုက်တွန်းအပ်ပါသည်။ ကော်မရှင်၏ အဖြေမရမချင်း၊ ကော်မရှင်၏အဖြေကို ပစ်ပယ်မှုမပြုမချင်း ထိပ်တိုက်ရင်ဆိုင်တိုးမည့် အခြေအနေများကို မဖန်တီးဖို့ အနူးအညွတ် တောင်းပန်အပ်ပါသည်။

(င) ကျန်းမာရေးစောင့်ရှောက်မှု ကော်မတီ ဖျက်သိမ်းသွားသော်လည်း သံဃာများကို စောင့်ရှောက်မှု မပျက်သေးပါ။ ကော်မတီမဖွဲ့စည်းခင်ကတည်းက ထောက်ပံ့ပေးနေသူဖြစ်ပြီး ကော်မတီမရှိတော့သည့် အခါ၌လည်း ဆက်လက် ထောက်ပံ့ ပေးနေဦးမည် ဖြစ်ပါသည်။

 မိမိအား ယုံကြည်လေးစား၍ လာရောက်လှူဒါန်းသူများ စိတ်တိုင်းကျ ဖြစ်အောင် သံဃာနှင့်လူနာများ လုံးဝအပြီးတိုင် ပျောက်ကင်းသည်အထိ ကျန်ရှိနေသေးသော အလှူငွေများကိုလည်း သံဃာပရိသတ် ပြည်သူပရိသတ်ရှေ့မှောက်တွင် တစ်ပြားမကျန် ခွဲဝေလှူဒါန်းသွားမည် ဖြစ်ပါသည်။

ယခုအချိန်ထိ မိမိထံလာရောက်လှူဒါန်းငွေပေါင်း သိန်း(၂၄၀)ကျော်ရှိခဲ့ပြီး၊ ငါးသိန်းခုနစ်သောင်းကျပ်သာ သံဃာနှင့် လူနာသို့ တိုက်ရိုက်လှူခွင့်ရပါသေးသည်။ နိုင်ငံခြားသွား ဆေးကုသမည့် လူနာများရှိက သုံးစွဲဖို့နှင့်၊ ရေရှည်ကုသမည့် လူနာများ အတွက် အထူးတာဝန်တစ်ရပ်အနေဖြင့်သာ ထိန်းသိမ်းထားခြင်း ဖြစ်ပါသည်။

(စ) မိမိသည် ခေတ်အခါကောင်းမှ လူစွမ်းကောင်းလုပ်တတ်သည့် (ခေတ်ကောင်း)သူရဲကောင်းမျိုး မဟုတ်သလို၊ “ရွှေဝါရောင်တော်လှန်ရေး”စကားလုံး မသုံးရဲဘဲ“ရွှေဝါရောင်လှုပ်ရှားမှု”ဟုသာ သုံးစွဲရလောက်အောင်လည်း သူရဲဘောကြောင်သူ မဟုတ်ပါ။

 ထို့အတူ မိမိသည် အမျိုးသားရေးဝါဒီ ဖြစ်သည့်အလျောက် အမျိုးသားအကျိုးစီးပွားအတွက် မည်သူနှင့်မဆို ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း မည်သည့်အခမ်းအနားမျိုးမှာမှ အစိုးရ၏ အကူအညီကို လက်ခံခဲ့သူမဟုတ်ပါ။ မိမိပုဂ္ဂိုလ်ရေး အရဆိုလျှင် အငတ်ခံသင့်ကခံပါမည်။ အမျိုးသား အကျိုးစီးပွားအတွက်ဆိုလျှင် လက်ခံသင့်ကခံပါမည်။

      လက်ပံတောင်းတောင် ပြည်သူ့အရေးတော်ပုံတွင် စေတနာမှန်သည့် သူတော်ကောင်းများသာ ဂန္ထဝင်တွင်ကျန်ရစ်မည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

                                                                                       ဦးပဉ္စင်း
                                                                                       ဝီရသူ(မစိုးရိမ်)
                                                                                       ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
                                                                                       ဓမ္မသဟာယကျောင်းနာယက
                                                                                       မစိုးရိမ်တိုက်သစ်
                                                                                       မဟာအောင်မြေမြို့နယ်
                                                                                       မန္တလေး။
                                                                                       18.12.2012

0 comments:

Post a Comment

သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group

Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...