နှစ်ဆယ့်တနှစ်တာ မလေးရှားမှာနှင့် မြန်မာ အလုပ်သမားများ ဘ၀အကြောင်း – အပိုင်း (၁) ကျနော်လည်း မလေးရှား အစိုးရနှင့်မြန်မာ အစိုးရကြားမြေဇာပင်ဖြစ်ရရှာ အုန်းမည့် မြန်မာအမျိုးသမီးလေးများ ဘ၀.. ဆောင်းပါးလေးကိုအပိုင်း (၁) (၂) ရေးပြီးတဲ့နောက်ဆုံး မှာ မှတ်ချက်လေးပေး ခဲ့ပါတယ်။
မလေးရှားရောက်မြန်မာ အလုပ်သမားများဘ၀ ဆိုတဲ့ ဆောင်းပါးလေးတွေ
ကိုဆက်ရေးမယ်လို မှတ်ချက်ပေးခဲ့ပေမဲ့ ..တော်တော်နဲ့ မရေးနိုင်ဘူး၊
မရေးနိုင်ဆို ပြည်တွင်းမှာ လှိုင်သာယာစက်မှုဇုံ ဖက်မှာ မြန်မာအလုပ် သမားများ
လုပ်ခလစာတိုပေးရေး၊ အလုပ်သမား အခွင့်ရေးပေးရေး တို့ကို တောင်းဆိုတဲ့
ဆန္ဒထုတ်ဖေါ်ကြတဲ့ သတင်းတွေက တမဟုတ်ချင်း အင်တာနက် စာမျက်နှာတွေပေါ်မှာ
ပျံ့နှံ့လာတဲ့အတွက် စိတ်က အဲဒီဖက်ကိုပြေးသွားပြီး နိုင်ငံသားအလုပ်သမားတဦး
ရပိုင်ခွင့်နှင့် ခံစားပိုင်ခွင့်များဆိုတဲ့ ဆောင်းပါး အပိုင်း (၁) (၂)
နောက် … လေဘာရုံးဘာလဲ အလုပ်သမားဝန်ကြီးဘယ်လဲ..?
အစရှိတဲ့ ဆောင်းပါးတွေရေးလိုက်၊မိုးမခ ၀က်ဆိုက်ဒ်ကို ပို့လိုက်၊
တခါအင်တာနက်ကနေ ကိုယ့်တိုင်းပြည်က သတင်းတွေကို ညဖက်
အချိန်ပြည့်ရှာဖတ်လိုက်နဲ့၊ စာမရေးဖြစ်တာ နဲနဲကြာပြီမို့
လက်ရှိဒီဆောင်းပါးကိုတော့ ရေးမှဖြစ်မယ်ဆိုပြီး တညလုံးထိုင်စဉ်းစားပြီး
ရေးလိုက်တာ….မနက်ကျတော့ အလုပ်ကမဆင်းနိုင်တော့ဘူး၊ နောက်ပြီးအိပ်ရေးပျက်ပြီး
ဖျားနေတာနဲ့ သုံးလေးရက်လောက် အလုပ်မဆင်းနိုင်တော့ အလုပ်ရှင်တရုတ်သူဌေးက
ကျနော့်ကိုဖုန်းဆက်တယ်။
မလေးရှားအခေါ် ..boss .ကဖုန်းခေါ်တယ်ပေါ့ …
ကျနော်လည်း hello..လို့ ပြန်ထူးလိုက်ရုံပဲရှိသေးတယ်။
ကျနော့်ကို ဖုန်းထဲကနေ တခါတည်းပြောတယ်.. you no need to come to work … တဲ့။
ကျနော်လည်းပြန်ပြောလိုက်တယ်.. good… i appreciate .လို့ … ဆိုတော့ ကျနော်လည်း အလုပ်ပြုတ်ရော။
တခါတည်းတရုတ်သူဌေးကို ကျနော်လည်းထပ်မေးတယ် ငါ့လစာလာယူမယ်.. ဆိုတော့ လကုန်မှ ပေးမယ်ပြောတယ်၊
ကျနော်ကလည်းထပ်ပြောတယ် ။
“မင်းပေးထားတဲ့အိမ်မှာ ငါနေတာ မဟုတ်ဘူး၊ ငါ့ဘာသာ အိမ်ဌားနေရတာ၊ အိမ်လခ
မပေးရင် အိမ်ရှင်နဲ့ ငါ ပြဿနာဖြစ်မယ်၊ မင်းတို့ တရုတ်တွေ အကြောင်းလည်း
မင်းအသိပဲ၊ ပိုက်ဆံနဲ့ ပတ်သတ်ရင် မိဘ အရင်းတောင် မင်းတို့က ရတာမဟုတ်ဘူး၊
ငါ့မှာအိမ်လခ ပေးဖို့ ပိုက်ဆံ မရှိဘူး။ မနက်ဖြန် လာယူမယ် … ” လို့
ကျနော်လည်း ခပ်ပြတ်ပြတ်ပြောလိုက်ပြီး ဖုန်းချပစ်လိုက်တယ်
မနက်ဖြန်ရောက်တော့ ခပ်တည်တည်နဲ့ စက်ရုံကိုသွား လိုက်တယ်။ သူဌေးတော့
မတွေ့ဘူး။ ကျနော်နဲ့အလုပ် အတူလုပ်နေတဲ့ မြန်မာတယောက်ကို ကျနော့် လုပ်ခ
လစာကို ကျနော်အလုပ်ဆင်းတဲ့ time card လေးနဲ့အတူ စာအိတ်လေးထဲ ထည့်ထားပြီး
ပေးထား ခဲ့တယ်။
time card. ဆိုတာလေးကိုလည်း ရှင်းပြအုန်းမယ်။ ကျနော်တို့အလုပ်ဆင်းရင် time
card ထိုးရတယ်။ စက်လေးထဲကို အဲဒီကဒ်လေး ထိုးထည့် လိုက်..အ၀င်၊ အထွက်
မှတ်တာပေါ့ဗျာ။ မနက် ၈ နာရီအလုပ်ဆင်းရတယ်၊ နောက်ကျရင် အဲဒီစက်လေးက
မှင်ကအနက် မဟုတ်တော့ဘဲ အနီရောင်ဖြစ်သွားတယ်၊ အဲဒီလို အလုပ်သမားအပေါ်မှာ
လုပ်ငန်းရှင် တရုတ်သူဌေးက အတိအကျ ကို ကိုင်ထားတာ… အဲဒီ time card မှာ
နောက်ကျလို့ မှင်နီတာတွေ့ရင် တရုတ်သူဌေးကခေါ်ပြီး ဆူတော့ ပူတော့တာ။
ကျနော်က လည်းပြန်ပြောတယ်။
“မင်းတို့ညနေငါတို့ အလုပ်ဆင်းချိန်မှာလည်း တခါတလေ ပစ္စည်းတွေရောက်လို့
ပစ္စည်းတွေကုန်အောင် ချနေရတဲ့အခါ ငါတို့အိမ်အပြန်ခုလိုပဲ ငါးမိနစ် ဆယ်
မိနစ်နောက်ကျတာပဲ.. ဒါမျိုးကျတော့ မင်းတို့ပါးစပ်တွေပိတ်နေတယ်။ တခါတရံ
ငါတို့နောက်ကျတဲ့ ၂မိနစ် ၃မိနစ်လောက်ကိုလည်း မင်းတို့အဲလိုပြောနေရင် ငါတို့
အလုပ်သိမ်းချိန်မှာလည်း အတိအကျပြန်မယ်၊ တကယ်လို့ မင်းတို့ပစ္စည်းတွေ
ရောက်လာတဲ့ အချိန် ငါတို့အလုပ်ပြီးလို့ ပြန်မဲ့အချိန်နဲ့ကြုံနေရင်
နာက်ရက်မှ ပစ္စည်းတွေ ချပေးမယ်။ ဘယ်လိုလည်း သဘောတူလားလို့.? ”
ကျနော်က မေးလိုက်တော့ တရုတ် သူဌေးလည်း ပါးစပ်ပိတ်နေ တော့တယ်။
ကျနော်သိတယ်၊ မလေးရှား တရုတ်တွေက ပြောတတ်ဆိုတတ်၊ နားလည်နေရင်
..သိပ်မကြိုက်ချင်ဘူး။ ဘာဖြစ်လို့လည်း ဆိုတော့
သူတို့လုပ်ချင်သလိုသိပ်ပြီးတော့ လုပ်လို့မရတော့လို့ပဲ ။နောက်ပြီး
ကျနော့်မိတ်ဆွေ မလေး တရုတ်တယောက် ကလည်း ပြောဖူးတယ်၊ တရုတ် သူဌေးတွေက
ကျွမ်းကျင်တဲ့ သူ.. တတ်သိနား လည်တဲ့သူကို
လိုချင်တယ်ဆိုတာ..စကားအဖြစ်ပြောတာတဲ့..တကယ်တန်းကျတော့ ဘာမှမသိရင်၊
နားမလည်ရင်ပိုကြိုက်တယ်လို့ ကျနော့်ကိုပြောဖူးတယ်၊ အဲဒီတရုတ်လည်း မကြာဖူး..
အလုပ်ပြောင်းတာပဲ၊… ကျနော့်လုပ် ခလစာကို ကျနော့်ကို တိုက်ရိုက်
မပေးဘူးဆိုကတဲက .. ကျနော် သဘောပေါက်ပါတယ်။
တရုတ်သူဌေး က ကျနော်နဲ့မျက်နှာချင်း မဆိုင်ချင်လို့
ပါ….ဘာပဲဖြစ်ဖြစ်လေ..ကျနော့် လစာကို ရခဲ့ပြီဖြစ်တဲ့အတွက်.. ဒီလနဲ့ နောက်လ
အတွက်တော့ နဲနဲ အဆင်ပြေတာပေါ့။ ဒါနဲ့ ကျနော်လည်း အလုပ်မရှိတော့ အားတာနဲ့
မလေးရှားရောက် မြန်မာအလုပ်သမားများ ဘ၀ ..ဆိုတဲ့ ဆောင်းပါးလေးရေးရ
အုံးမယ်ဆိုတာ ပြန်အမှတ်ရပြီးရေး လိုက်တာပဲ.။
ကျနော်နေတဲ့ အိမ်နဲ့ မျက်နှာချင်းဆိုင်ဖက်မှာ ကျနော့်အိမ်ရှေ့နဲ့
ခပ်လှမ်းလှမ်း ၀ါးသုံးပြန်လောက် မှာ တရုတ် စားသောက်ဆိုင်တဆိုင်ရှိတယ်..
အဲဒီဆိုင်မှာ ကျနော်တို့ ညတိုင်းရေနွေးကြမ်းသောက်..လက် ဖက် ရည် သောက်နဲ့
..အမြဲတမ်း အားပေးတဲ့ဆိုင်ဆိုတော့ ထိုင်ရတာ အဆင်ပြေပါတယ်။
အဲဒီမှာ ညတိုင်းနီးပါးလောက် ထိုင်ဖြစ်ကြရင်း ကျနော့် ညီလိုခင်ရတဲ့ အညာဖက်က
အညာသားလေး တယောက်ရှိတယ်၊ သူကလည်း အင်မတန်သိချင်၊ တတ်ချင်တဲ့ကောင်လေး
ဆိုတော့ သူမေးတာတွေ ကိုဒိုင်ခံရှင်းပြ၊ေ ပြောပြနဲ့ ဒီကောင်လေးလည်း ခုတော့
သူ့ အလုပ်ရှင်သူဌေးက နဲနဲအလျှော့ပေး လိုက်တယ်။ အရင်ကဆို ဒီကောင်လေးအလုပ်က
တလမှာ တလလုံး အလုပ် လုပ်ရတယ်၊ တရက်မှ နားရက်မရှိဘူး၊ အရင်ကတော့ မနက် ၃း
၃၀လောက်ထပြီး အလုပ်လုပ်ရတယ်.။
ပြီးတဲ့အချိန်က ညနေ ၄း ၃၀လောက်မှပြီး တယ်၊။ တနင်္ဂနွေနေ့ ၊ အများသူငါ
အလုပ်ပိတ်ရက် လည်းမနားရဘူး၊ gazette holiday (သမိုင်းဝင် အစိုးရရုံးပိတ်ရက်
)လည်း မနားရဘူး၊ အလုပ်သမားအခွင့် အရေးတွေ၊ မလေးရှားရဲ့ အလုပ်သမား
ဥပဒေတွေအကြောင်းတွေကို.. ကျနော်လည်း ကျနော်လေ့လာထား သလောက် ပြောပြတော့
ကောင်လေးက တဖြည်းဖြည်း သဘောပေါက်လာပြီး တရုတ်သူဌေးကို ဥပဒေကြောင်းအရ အချက်
အလက်နဲ့(meeting) မှာပြောတာ.. ခုတော့ ဒီကောင်လေး လည်း အလုပ်ချိန် မနက် ၈
နာရီဆင်းဖြစ်ပြီး တနင်္ဂနွေနေ့ဆိုရင် နားရက်ရလာတယ်။ တပါတ်ကို တရက် နားရက်ရ
လာတော့ တာပေါ့လေ။
ကျနော်ကလည်း ဒီကောင်လေးကို ညီလေး အရင်းတယောက်လို ချစ်ခင်တော့ အနေအထိုင်၊
အ၀တ်အစား ၀တ်တာကအစ၊ စကားပြောတာ အဆုံးပေါ့.. သင်ပေးထားတယ်။ ကောင်လေးက
အစစအရာရာပြောင်း လဲလာတာကို သူ့ အလုပ်ရှင်သူဌေးက ရိပ်မိတယ်၊ သူ့အလုပ်မှာလည်း
တခြား ဗမာအလုပ်သမား လေးယောက်လောက် ရှိသေးတယ်၊ အဲဒီကောင်တွေကတော့
ဘာမှမသင်ဘူး၊ သိလည်း မသိချင်ဘူး၊ သူတို့ကတော့ မနက်လင်း အလုပ်လုပ်လိုက်၊
အလုပ်ပြီးရင် အရက် ကလေးသောက်လိုက်၊ အပျင်းပြေ ဖဲ ရိုက်လိုက်နဲ့၊
မလေးစကားလည်း ဘာမှ ဟုတ်တိပတ်တိမသိဘူး၊ အင်္ဂလိပ်လိုတော့ . .ဝေးရော့ပဲ….
ဆိုတော့၊ ကျနော့်ကောင်လေးနဲ့ အဲဒီလေးယောက်နဲ့တော့ တခြားစီပဲလေ၊
ခံယူချက်ချင်း၊ ယုံကြည်ချက်ချင်း မတူကြဘူးကိုး။
ကျနော်ကောင်လေးက ကွန်ပြူတာကို ကျနော့်ဆီက သင်တယ်၊ အခြေခံပေါ့လေ၊ ပြီးတော့
ငွေလေးစုပြီး လက်တော့ပ်လေး ( laptop ) .. တလုံးဝယ်လိုက်တော့ …ဟော … အခုတော့
အရင်လို အချိန်ပြည့် အလုပ်ကြမ်းသမား မဟုတ်တော့ပဲ .. ကွန်ပြူ တာလေးနဲ့
ရုံးခန်းထဲမှာ စာရင်းရေးရတယ်၊ ပစ္စည်း စာရင်းတွေကို ကွန်ပြူတာနဲ့
ရေးပြီးမှတ်ရတယ်၊ လစာကိုလည်း သူဌေးက တိုးပေးလိုက် တယ်.. တိုးပေး လိုက်တာက
အကောင်း တိုပေးလိုက်တာ မဟုတ်ဘူး၊ ဒီကောင်လေးက အလုပ်သမား အခွင့်အရေးတွေ၊
အလုပ်သမား ဥပဒေတွေအကြောင်းကို အရင်နဲ့စာရင် သိတတ်နား လည်လာတော့ ၊တနင်္ဂနွေ
အလုပ်ပိတ်ရက် တင် မဟုတ်ဘူး၊ gazette holiday..( သမိုင်းဝင်ရုံးပိတ်ရက် )တွေ
ပါ.. နားရက်.( သို့ ).လုပ်ခလစာ သုံးဆတွေ ထပ်တောင်း လာတော့မှာသိလို့ ..
သူ့အလုပ်ရှင် သူဌေးက သူ့ကို ကြိတ်ပြီး လစာတိုးပေး လိုက်တယ်၊ ဒါပေမဲ့လည်း
ဒီကောင်လေးက တောက်မဲ့မီးခဲတရဲရဲ လို့ ပဲ ပြောရမလားပဲ၊ လုပ်ငန်း
ရှင်ဖြစ်ချင်တယ် တဲ့။
တရုတ်တွေဆီမှာ အလုပ်သမား အဖြစ်နဲ့ မလုပ်ချင်တော့ဘူး၊ ဒီနှစ်ကုန်ရင် သူက
အလုပ်ထွက်မယ် ၊ ပြီးတော့ လုပ်ငန်းတခုကို လုပ်မယ်တဲ့…။ ကျနော်ကလည်း
သဘောတူတယ်၊ အေး.ကောင်းတယ်..အားပေးတယ်.လုပ်ကွ.. …။ ချမ်းသာ တာကောင်းတယ်လို့ …
ကျနော်လည်းပြော လိုက်တယ်။
ကောင်လေးကသူ့ မြန်မာပြည်တုန်းက ဆိုင်ကယ်လည်း မမောင်းတတ်ဘူး၊ ကားလည်း
မမောင်း တတ်ဘူး၊
ကောင်လေးက ကျနော့်ကိုသင်ပေး ပါဆိုလို့ ကျနော်လည်း သင်ပေးလိုက်တာ ခုတော့
မလေးရှားမှာ ဆိုင်ကယ်တွေမောင်း၊ ကားတွေလည်း မောင်းတတ်နေပြီ။ အမှန်အ
တိုင်းပြောရရင် အဲလိုလူငယ်လေးတွေကို ကျနော် မြေတောင်မြှောက်ပေးရတာ
ကျေနပ်တယ်။
သူကပြောသေးတယ်။ coolie is must becoming coolie , coolie is not becoming
rich man ..တဲ့။ သူက ကျနော့်ကို အဲလိုပြောတော့ ကျနော် တော်တော် သဘောကျတယ်၊
ဟုတ်တယ်လေ. အလုပ်သမားဟာ အလုပ် သမားပဲဖြစ်လာမှာပေါ့၊ အလုပ်သမားဟာ
လူချမ်းသာတော့ ဘယ်ဖြစ်ပါ့မလဲ.. အဲ. .ဖြစ်ချင်ရင်တော့ အလုပ်သမား ဘ၀မှာကတည်းက
အလုပ်လုပ်ရင်း ပညာဆည်းပူးပေါ့၊ ပညာဆည်းပူးရင်းလည်း အလုပ်လုပ်ပေါ့၊
မလေးရှားမှာ လျှပ်စစ်မီးမှန်တယ်၊ ကွန်ပြူတာတွေ လွယ်လင့်တကူ ၀ယ်လို့ရတယ်၊
အင်တာနက်လိုင်း ကိုလည်း မြန်မာပြည်မှာလို ဘာအတွက် သုံးတာလဲ.ဟိုမေး သည်မေး
ဘာမှ အစစ်ခံစရာ မလိုဘူး၊
ဒီတော့ ကိုယ့် တိုင်းပြည်မှာ မှန်မှန်မပေးနိုင်တဲ့
လျှပ်စစ်မီးနဲ့သုံးမှရတဲ့ ကွန်ပြူတာ သင်တာ၊ တတ်ထားတာ ကောင်းတာပေါ့၊
အလုပ်သမားအတွေးမျိုးမတွေးနဲ့.. လုပ်ငန်းရှင်အတွေးမျိုး..
လုပ်ငန်းရှင်အနေအထိုင်မျိုး.. လုပ်ငန်းရှင်တယောက်မှာ ရှိသင့်ရှိထိုက်တဲ့ သိ
တတ်၊နားလည်ရမဲ့ အတွေးအခေါ်တွေ၊ သင်ယူလို့ရတဲ့ ပညာတွေကိုေ လ့လာကျိုးစား
ထားရင်တော့ အလုပ်သမားဘ၀ က လွတ်နိုင်ပါတယ်လို့. . ပြောလိုက်ဘူး ပါတယ်။
ကျနော် ဗမာပြည်ကပြေးလာပြီ..
ကျနော် မလေးရှားကို ၁၉၉၀ ရွေးကောက်ပွဲမဲပေးပြီးတော့ ထွက်လာတာပဲ။ အထဲမှာလည်း
နေလို့က သိပ်အဆင်မပြေတော့ဘူး၊
သိပါတယ်..’’ ထောက်’’(ထောက် လှမ်းရေး)တွေ ကလည်း ကျနော့်အိမ်ကို
လာမေးကုန်ပြီ၊ ထောက်လှမ်းရေး သတင်းပေးများ ကလည်း ကျနော့်အိမ်နားမှာ
ဝဲ၀ဲနေတယ်၊ ကျနော့်သူငယ်ချင်းတယောက်
(ယခု အမေရိ ကန်တွင်နေထိုင်သူ)ကိုတော့ ကျနော့်ရှေ့တင် ဆွဲသွားပြီ။.
သူ အထဲ ရောက်သွားပြီးနောက် ၁၉၈၉ အာဇာနည်နေ့ ချီတက်ပွဲမှာ ကျနော်လည်းပါတယ်။
စုရပ်က အခု အန်အညတညလုံး ယ်ဒီရုံးချုပ်ရှေ့မှာပေါ့။ အစက အန်တီစုကိုယ်တိုင်
လူထုနဲ့ ချီတက်မယ်ပေါ့။ ၁၈.ရက်နေ့ အန်တီစုတို့ လူကြီးတွေနဲ့ ချီတက်ဖို့ကို
အကြိတ်အနယ် တိုင်ပင်ကြတယ် ပြောတယ်။
နောက်တော့ အန်တီစုကပြောလိုက်တယ်၊ကိုယ့်အိမ်ကနေပဲ အာဇာနည်ကြီးတွေကို
အရိုအသေပြု.. အလေးပြုပါလို့ ပြောတယ် လို့ပြောပါတယ်။
အဲဒီအချိန်က ဘဘဦးတင်ဦးက ရုံးအဆောက် အဦးအတွင်းထဲ ကနေ ခေါင်းဆောင်တွေ
ကိုပြောပြနေတာကို မြင်နေရတယ်။ ကျောင်းသားတွေရော၊လှုပ်ရှားတက်ကြွတဲ့
လူငယ်တွေရော လူအုပ် ကတော်တော် များတယ် ၊နောက်…. အားလုံး ဆက်ပြီး
ချီတက်မယ်လို့ ခေါင်းဆောင် ပိုင်း ကပြောတယ်။
အားလုံးကလည်း ချီတက်မယ်ဆိုပြီး ဆုံးဖြတ်ပြီး ချီတက်ကြတာ။
.ရွှေတိဂုံအရှေ့ဖက်မုဒ် မှာစစ်တပ်က တန်းစီပြီး စောင့်နေပြီ၊ တီအီးစစ်ကား
တွေရော..လက်နက် အပြည့်အစုံ.သေနတ်ထိပ် မှာလည်း ဘက်နက်ဂ် တွေနဲ့.၊ကျနော်တို့
လူအုပ်စုတွေ အားလုံးကလည်း ဆက်ပြီး ချီတက်ကြတယ်၊ စစ်တပ်ကလည်း လူစုခွဲဖို့
အသံချဲ့စက်နဲ့ အော်နေရင်း သူတို့ကလည်း ကျနော် တို့လူအုပ်ဖက်ကို တိုးလာပြီ၊
ကျနော်တို့ကလည်း
ဆက်ချီတက်ရင်း ရှေ့ဆုံးက ကျောင်းသားအုပ်စုထဲက ခေါင်းဆောင်က. ပန်းချီပန်းပု
ကျောင်းရှေ့နားက မကျီးပင်ေ အာက်နားလည်း ရောက်ရော.ကျနော်တို့ရှေ့ဆက်သွားလို့
မဖြစ်တော့တဲ့ အတွက်. .. ဒီမှာတင်ပဲ လွမ်းသူ့ ပန်းခွေတွေကိုချပြီး..
အာဇာနည်တွေ ကိုဂုဏ်ပြုမယ်လို့ ပြောပြီး ပန်းခွေတွေလည်းချပြီး
အလေးပြုတုန်းမှာပဲ စစ်ခွေးတွေ ကပြေးလာပြီး ကိုက်တော့ တာပဲ။
အားလုံးလည်း ၀ရုန်းသုံးကားပေါ့ဗျာ။
အားလုံးပြေးသူပြေးကြ၊ ဒဏ်ရာရတဲ့သူတွေနဲ့ ၊သွေးထွက်သံယိုတွေပေါ့။ ကျနော်လည်း
အတော်ခံလိုက်ရတာ၊ ဒါပေမဲ့ဘုန်းကြီးကျောင်းထဲကို ၀င်ပြေးရင်းနဲ့
လွတ်သွားခဲ့တယ်၊ ဘုန်းဘုန်းတွေ ကတော့ … ”တောက်” တခေါက်ခေါက်နဲ့ မိန်းကလေး၊
ယောင်္ကျားလေး အားလုံးကို ကျောင်းထဲကိုသွင်းပြီး ဒဏ်ရာရတဲ့သူတွေကို
ဆေးထည့်ပေးတာ။
အားလုံး လုပ်ပေးကြတာကို ခုထိ ကျနော်မြင်ယောင် နေသေးတယ်။
နောက် ... အဲဒီကစပြီး အန်တီစုကိုလည်း ဆူပူမှု့ဖြစ်အောင် လှုံ့ဆော်တယ်၊
ဘာညာဆိုပြီး ထိမ်းသိမ်းလိုက်တာပဲ။ အဲဒီချီတက်ပွဲကနေ. ကျနော် လည်း
အိမ်ပြန်ရောက်တော့ အခြေအနေက မကောင်းတော့ဘူးဆိုတာကို သိတယ်။
သူငယ်ချင်းတွေကလည်း သတိပေးနေကြပြီဆိုတော့ ကျနော်လည်းနယ်မှာရှိတဲ့ကျနော့်
အမျိုးတွေဆီကိုေ ရာက်သွားတယ်၊ နယ်မှာလည်း ကျနော်အခါ အခွင့်ရရင်ရသလို
ခါကြီးရက်ကြီးတွေမှာ စာတွေဖြန့် တာတွေလုပ်တာပဲ ၊နောက်တော့ ၁၉၉၀ .မှာ
အထွေထွေရွေးကောက်ပွဲလုပ်တော့ ရန်ကုန် အိမ်ပြန်ရောက်လာပြီး အန်အယ်
ဒီအောင်နိုင်ရေးကို တဖက်တလမ်းကနေ လုပ်တာပဲ၊
ဒါပေမဲ့ကျနော်က ပါတီမ၀င်ဘူး၊ အဲဒီနောက်မှာ တဖြည်းဖြည်းအခြေအနေက ဆိုးသထက်
ဆိုးလာတော့ ..ကျနော်လည်း ..လစ်တာပဲ. ကောင်းတယ်ဆိုပြီး ပြည်ပကို မြ၀တီကနေ
မဲဆောက်၊မဲဆောက်မှာ သုံးရက်လောက် နေလိုက်သေးတယ်၊ ..နောက် .သူငယ်ချင်းတွေနဲ့
အတူ မလေးဖက် ကိုရောက်လာတယ်..ကျနော်တို့ခေတ်က မလေးထဲကို ထိုင်းကနေ
လူပွဲစားကို ပိုက်ဆံပေးပြီး ခိုးဝင်လာရတာ၊
ညဖက်တွေမှာ ချောင်းကူး၊ မြောင်းကူးနဲ့၊ ထိုင်းနယ်စပ် ဆွန်ဂိုင်းဂလုပ်နဲ့
မလေးနယ်စပ်ကိုတာဘာဒူးမြို့ ကြားထဲမှာ ချောင်းတခုရှိတယ်၊ အဲဒီချောင်းကို
လူပွဲစားတွေနဲ့ ညဖက် ၂ နာရီလောက်ကြီးကို ခိုးဖြတ်ရတယ်၊ အဲဒီချောင်းကို
ဖြတ်တာလဲပြောရအုန်းမယ် ၊ချောင်းရဲ့အကျဉ်းဆုံးနေရာ မလေး
ဖက်ကမ်းကိုပွဲစားတွေက စက်လှေနဲ့ညနေ မိုးချုပ်ချုပ် လောက်ကတဲက ကြိုးတန်းပြီး
ချည်ထားခဲ့တာ၊ ကြိုးတစကိုဆွန်ဂိုင်း ဂလုပ်ဖက်က ကမ်းစပ်နားမှာ
မမှောင်ခင်တော့ရေထဲမှာမြှုပ်ထား လိုက်ပြီးကြိုးစ ကိုတနေရာဖွ
က်ပြီးချည်ထားတယ်၊ ကျနော်တို့သွားမဲ့ညဖက် ၂နာရီလောက်မှာလူတွေ
အုပ်စုလိုက်ဆင်းလာပြီးအဲဒီကြိုးကိုလက်ကနေကိုင်ထားရင်း
အဲဒီချောင်းကိုကူးရတာပဲ၊ချောင်းက ရေက လည်ပင်းလောက် ရောက်လိုက်၊
ရင်ညွန့်လောက် ရောက်လိုက်၊
တခါတခါ ရေထဲကချိုင့်တွေထဲ ဆင်းမိရင်း ပါးစပ်လောက်
ထိရောက်လိုက်နဲ့၊မလေးဖက်ကမ်းရာ ဘာတောထဲ ကိုရောက်အောင် ကူးသွားရတာပဲ။
အဲဒီကတဆင့် ရာဘာတောတွေ ထဲကို မြွေမကြောက်..
ကင်းမကြောက်..ရင်ညွန့်လောက်ရှိတဲ့ ကိုင်းပင်တွေထဲကနေ ဖြတ်လာရတာ၊
မှောင်မဲနေလို့ ဘာမှလည်း မမြင်ရဘူး၊ နားတွေလည်း အူနေပြီး ထမင်းတွေလည်း
ငတ်တယ်၊ အဲဒီရာဘာတောထဲမှာ တညအိပ်ရသေးတယ်၊ အခြေအနေ
မကောင်းလို့..သို့မဟုတ်..မလေးဖက်က လူနဲ့မချိပ်မိသေးလို့ လို့ပြောတာပဲ၊
တောထဲမှာစကားကျယ်ကျယ်ပြောလို့မရဘူး၊ ကုပ်နေရတာ၊အဲဒီအခါ ထမင်းကတော့ ဥပုတ်ဒ်
စောင့်ရတာပေါ့၊
နောက် ... အဲဒီကနေဘူတာ ကိုအစုလိုက်တွေ သွားရတယ်၊ လက်မှတ် ကမလေးဖက်က
လူကကြို ၀ယ်ထားပြီးသား. ရထားလာတော့ ရထားစီးပေါ့။ရ ထားပေါ်မှာလည်း
စကားလုံးဝမပြောရဘူး၊ ပွဲစားက ကျွေးရင် စားရတယ်၊ မကျွေးရင်ငတ်တယ်
၊နောက်တော့. .ကေအယ်..kualalumpur. ကိုရောက်ပေါ့…
နောက်ပွဲစားက အလုပ်ထည့်ပေးတယ်၊ အဲဒီအချိန်တုန်းက မလေးရှားမှာ ဗမာလူမျိုးက
ခုလောက်မရှိဘူး၊ အလုပ်တွေကလည်း တနေ့မှ မလေးရင်းဂစ်. ၁၆ရင်းဂစ်ပဲပေးတာ၊..
အဲဒီတုန်းက မလေးရှားက မလေးလူမျိုးရော၊ မလေးရှားတရုတ်ရော၊ မလေးအိန္ဒိယ
လူမျိုးတွေရော..ဗမာနိုင်ငံသားဆိုတာကို သိပ်မသိကြသေးဘူး၊ ဘယ်က လာလဲ..လို့
ကျနော့် တို့ကိုမေးရင် i come from burma.. လို့ ပြောရင် ..သူတို့မသိဘူး၊
ဘားမားဆိုတာကို သူတို့မကြားဖူးဘူးဗျ ၊
အဲဒီကာလက မလေးတရုတ်တွေ အများစုက အင်္ဂလိပ်စကားကို broken တောင်
မပြောနိုင်ကြသေးဘူး၊ မလေးရဲတွေကလည်း ကျနော်တို့ကို မလေးလူမျိုးပဲ ထင်နေတာ..
မလေးလူမျိုးကိုကြည့်ချင်ရင် ဗမာလူမျိုးကို သာ ကြည့်လိုက်..အတူတူပဲ..
အရပ်အမောင်း၊ အသားအရေ.. အကုန်တူတယ်. မလေးလူမျိုးတွေ ကလည်း အိမ်မှာနေရင်
ကျနော်တို့လိုပဲ လုံချည်ဝတ်တယ်..အဲဒီလုံချည်ကို သူတို့က ဘယ်လိုဝတ်သလဲဆိုရင်
ကျနော်တို့ ဗမာဘုန်းကြီးတွေ သင်းပိုင်ဝတ် သလို ရှေ့ပိုင်းက ခေါက်ပြီး
ဝတ်ကြတယ်၊
င်္အကျီကိုလည်း ကျနော်တို့ ဗမာတွေလိုပဲ ၀တ်တယ်၊ ထမင်းစားတော့လည်း
ကျနော်တို့ဗမာတွေလိုပဲ လက်နဲ့ပဲ လက်ဆေးပြီးထမင်းစားတယ်၊ မလေးတရုတ်တွေကတော့
ဇွန်း ခရင်းနဲ့..သို့.. တူ တွေနဲ့ စားကြတယ်၊ နယ်မြေအလိုက် မလေးရဲတွေက
ပတ္တရောင်လှည့်တဲ့အခါ မီးတန်းကားပေါ့.( .ကားခေါင်မိုးပေါ်မှာ
မီးတန်းပါတဲ့ကား.. ) တချို့တော့လည်း ဆိုင်ကယ်တွေနဲ့ နှစ်စီးသုံး စီးလောက်
အုပ်စုလိုက် လှည့်တယ်၊
တခါကတော့ ကျနော်ကလည်း အလုပ်ပိတ်ရက် တနင်္ဂနွေနေ့မှာ ကိုယ့်ပတ်ဝန်း ကျင်နားကို
ရှောက်သွားကြည့်တယ်၊ စားသောက်ဆိုင်ဆိုင်းဘုတ်တွေ၊အလုပ်ကုမ္မဏီ ဆိုင်းဘုတ်
တွေကို တွေ့တော့ လိုက်ဖတ်ကြည့်တာ ပေါ့လေ၊ သူတို့ ဆိုင်းဘုတ်တွေ ကလည်း
အင်္ဂလိပ် အက္ခရာနဲ့ရေးထားတာ..ဒါပေမဲ့ ..ကျနော် နားမလည်ဘူးဖြစ်နေတယ်..(
ဥပမာ)..ဆိုပါတော့..အင်္ဂလိပ်လို. restaurant..ဟာ..ဗမာလိုတော့
စားသောက်ဆိုင်ပေါ့.. ဒါပေမဲ့ ကျနော်တွေ့နေရတဲ့ အင်္ဂလိပ်စာက ..restoran.
ဖြစ်နေတယ်။
ကျနော်တို့ နားလည်တာက အင်္ဂလိပ် လိုပြောတတ်ရင် ဘယ်နိုင်ငံဖြစ်ဖြစ် ရတယ်
လို့ပဲထင်နေတာကိုး၊ သူတို့မိခင်ဘာသာစကားရှိတာကို ကျနော်တို့
နားမလည်ဘူး၊မသိခဲ့ဘူး၊ ထိုင်းလည်းအဲလိုပဲ၊ဒါပေမဲ့ထိုင်းက ထိုင်းအက္ခရာနဲ
့ရေးထားတာဆိုတော့ ရှင်းတယ်လေ၊
မလေးရှားနိုင်ငံက မိခင်ဘာသာ စာကတော့ မလေး အက္ခရာတွေနဲ့ရှိမယ်လို့ပဲ
နားလည်ထားတာဆိုတော့၊ စားသောက်ဆိုင်တွေ၊ ကုမ္မဏီဆိုင်းဘုတ်တွေ
လိုက်ကြည့်ပြီးလိုက်ဖတ်ရင်းနဲ့ ကျနော်လည်း ဇဝေဇ၀ါဖြစ်နေတယ်၊..ငါ…များ
အင်္ဂလိပ် စာလုံးပေါင်း မှားနေသလားပေါ့.. မေးရအောင်ကလည်း အဲဒီကာလက ဗမာက
ကျနော်နေတဲ့ နားမှာ သိပ်မရှိဘူး၊ ရှိတဲ့ဗမာတွေ ကလည်း တဦးနဲ့ တဦး
မခေါ်မပြောကြဘူး၊ ဘာဖြစ်လို့ဆိုတော့ အဲဒီကာလက ခိုးဝင်လာကြတာဆိုတော့ “ ရဲ “
မသိစေချင်တာ လဲပါတယ်၊ ဗမာလိုတွေပြောရင် “ ရဲ” ကသိမယ်၊ ဒါကြောင့် အဲဒီကာလက
ဗမာ အချင်းချင်းလည်း စကား မပြောကြဘူး၊
အဲဒီတုန်းက ဗမာလူမျိုးဆိုလို့ မလေးမှာ.. ရန်ကုန်က လူတွေလောက်နဲ့
မွန်လူမျိုးတွေ လောက်ပဲ ရှိကြတာ၊ မွန်တွေကလည်း တောသူ တောင်သား
မွန်တွေများပါတယ်၊ အတန်းပညာ သိပ်မရှိကြဘူး၊ တချို့ ဗမာစကား ကိုတောင်
ကောင်းကောင်း မပြောတတ်ကြဘူး၊
တချို့ကတော့ ဗမာနဲ့ စကားမပြော ချင်တာလည်း ပါတယ်၊ သူတို့ကလည်း “မွန်”
လူမျိုး ဆိုပေမဲ့ ..ဒီကတရုတ်တွေ.. ဒီမလေးနိုင်ငံသားများက မေးရင် ထိုင်း
လူမျိုးလို့ပြောထားတာ..အဲဒီမွန်တွေက ထိုင်းမှာအနေကြာပြီးမှ မလေးကို
လာကြတာဆိုတော့ဒီမှာ သူတို့ ထိုင်းလူမျိုးပါလို့ ပြောထား တတ်တယ်၊ ဒီတော့
သူတို့ကို လည်း ထိုင်းပဲ ထင်တာပေါ့။
ကျနော်လည်း စောစောပြောတဲ့ ဆိုင်းဘုတ်တွေက အင်္ဂလိပ်စာ လုံးနဲ့တော့ ရေးတယ်၊
အသံထွက်က တမျိုးကြီးဖြစ်နေတာ ပေါ့လေ၊ နောက်.တော်တော်ကြာမှ မလေးလိုရေးထားတာ
ဆိုတာသိရတာ၊ မလေးစကား ဟာလည်း A .to.Z အင်္ဂလိပ်အက္ခရာ သုံးပြီး မလေးအသံထွက်တာ
ဆိုတာကို နောင်များ တော်တော်ကြာမှ သိခဲ့ရတာပါ၊
အဲဒီကာလက မလေးရှားဝန်ကြီးချုပ်က ဒေါက်တာ မဟာသီယာမိုဟာမက်ဖြစ်ပြီး…ဒု
ဝန်ကြီးချုပ်ကတော့ အခု အတိုက်အခံပါတီ.P K R.ကခေါင်းဆောင်. .အန်န၀ါအီ ဘရာဟင်
ပါပဲ၊…နိုင်ငံခြားရေးဝန်ကြီးကတော့ အဲဒီကာလတုန်းက ..ဗမာပြည်ကို
၁၉၉၇ခုနှစ်မှာ အာစီယံထဲ ကိုဆွဲသွင်းဖို့ ၀န်ကြီးချုပ်ဖြစ်သူ မဟာသီ
ရဲ့အစီအစဉ်နဲ့ ဗမာပြည်ကို လွန်းပြန် ခဏခဏ သွားနေတဲ့ အက်ဒ်ဗ်ဒူလာဘာဒါဝီ
ပဲဖြစ်တယ်။
( နောင်တချိန်မှာ ၀န်ကြီးချုပ် မဟာသီ အနားယူတော့ .မဟာသီ
ကိုယ်တိုင်ဝန်ကြီးချုပ် အဖြစ်တင်ပေးခဲ့ပြီး.. များမကြာမှီပဲ.. မဟာသီ နဲ့
ရန်ဖက်ဖြစ်ခဲ့သူ )တို့ဖြစ်ပါတယ်။
အဲဒီတုန်းက မလေးငွေဈေးက ယူအက်စ် တဒေါ်လာကို မလေးရှားရင်းဂစ်.၂. ၅၀ ဆင့် ပဲ
ဖြစ်ပါတယ်၊ အဲဒီကာလ ဆီတုန်းက ကေအယ်ကို သွားရင်. ၆၀ဆင့် ပဲပေးရပြီး
မီနီဘတ်စ်ကား ပန်းနုရောင်လေး တွေပြေးဆွဲကြပါတယ်၊ လက်ဖက်ရည် တခွက်ကိုလည်း ၆၀
ဆင့်.၊..ပလာတာ.. မလေးမှာတော့ ရိုတီ ခေါ်ပါတယ်၊ အဲဒီရိုတီ ကလည်း ၅၀ ဆင့်
ပဲရှိပြီး ကြက်ဥတလုံးကို ၁၀ဆင့် ၁၅ ဆင့်ပဲ ရှိပါတယ်၊ ထိုကာလက
အိမ်ကိုငွေလွှဲရင် မြန်မာငွေ .တသောင်း..နှစ်သောင်းပေါ့၊ သုံးသောင်းလောက်
ငွေလွှဲနိုင်တဲ့သူများကတော့ မာန ကြီးတခွဲသားနဲ့ ပါပဲ၊ အဲဒီတုန်းက မလေး
တရင်းဂစ်ကို မြန်မာလို၂၅ ကျပ်နဲ့..တခါတရံ.၂၈.၃၀ကျပ် အများဆုံးပဲ
ငွေဈေးပေါက် ပါတယ်၊
ဒီကာလက ကျနော်တို့ဗမာလူမျိုးတွေဟာ ၀တ်တာစားတာ ကအစ မလေးနဲ့တူတဲ့ သူက
မလေးလိုလိုက်ပြီး ၀တ်စား ဆင်ယင်ကြသလို ၊ အသားဖြူတဲ့သူ တရုတ်နဲ့ တူသူကတော့
တရုတ်စတိုင် လိုက်ပြီး ၀တ်စား ဆင်ယင်ကြပါတယ်၊ ဘာဖြစ်လို့အဲလို
တူတဲ့စတိုင်တွေ လိုက်ဝတ်ကြသလဲ ဆိုရင် အဲဒီတုန်းက ရဲ ကိုယ် တိုင်က.. မလေးလား
..? ဗမာလူမျိုးလားကို မခွဲ တတ်ပါဘူး၊ ဗမာကလည်း မလေးလို ၀တ်စားထားပြီး
ဗမာစကား မပြောရင် လုံးဝ မလေးပါပဲ…
ထိုစဉ် ကာလက ရဲတွေလည်း မျက်စီလည်ပြီး မလေး အစစ်ကို
ဗမာထင်ပြီးပါစ့်စပိုစ့်ဆို ပြီး တောင်းလို့တောင်း၊ တကဲ့ မလေး အစစ်တွေ ကတော့
လူကြားသူကြားမှာ သူတို့ကို ရဲကစစ်လား ဆေးလားလုပ်တဲ့ အတွက် ဒေါသတွေထွက်ပြီး
ပြန်အော်တဲ့အတွက် ..ရဲ ကလည်းရှက်ပြီး. မလေးလို(.မအဖ်ကန်ဆာရာ)…ဆောရီး ..
ဆိုပြီးတောင်းပန်ပြီးလှည့်ပြေး တော့တာပါပဲ။
ထိုကာလများ ဆီတုန်းက မလေးလိုတတ်ရင် အရာရာအဆင်ပြေသလို.. အင်္ဂလိပ်ပြော
တတ်ရင်တော့ အရမ်းကို အထင်ကြီးပါတယ်၊
အဲဒီတုန်းက လုပ်ငန်းရှင် တရုတ်သူဌေး အယောက်တရာ မှာ( ၆၀ ) လောက်က
အင်္ဂလိပ်လိုစကားကောင်းကောင်း မပြောတတ်ပါဘူး။ အဲဒီတုန်းက တရုတ်တွေက
ကျနော်တို့ ဆီကနေ အင်္ဂလိပ်စာကို အလုပ်ခိုင်းရင်းနဲ့ ပြန်သင်ယူသွားပါတယ်၊
အင်္ဂလိပ်လိုကျနော်တို့ကပြောတာကို တရုတ်သူဌေးတွေနားမလည်ရင်
စာလုံးပေါင်းပြရပါတယ်၊ အဲဒီစာလုံးပေါင်းကို သူတို့ကမှတ်ထားပြီးတော့
အင်္ဂလိပ်-တရုတ် ဒစ်ရှင်နရီ ကို ပြန်လှန်ပြီး စာလုံးပေါင်း
အဓိပ္ပါယ်ပြန်ရှာကြပါတယ်၊ ကျနော်တို့ကိုလည်း မလေးတရုတ်တွေတော်တော်
အထင်ကြီးပါတယ်၊ လေးလဲလေးစားကြပါတယ်၊ အလုပ်သမားတဦး .အထူးသဖြင့်
ကျနော်တို့ဗမာတွေကို အလုပ်သမားအခွင့်အရေး အပြည့်နီးပါးပေးပါတယ်၊
နေစရာပေးတယ်၊ရေခဲသေတ္တာ၊ပန်ကာ၊ဂစ်မီးဖို၊ဂစ်အိုး၊ မွေ့ယာ၊
ခေါင်းအုန်း၊အစရှိသဖြင့်ပေးပြီးနေ မကောင်း တဲ့အခါ ကုမ္မဏီက အကောင့်ဖွင့်ပေး
ထားတဲ့ ဆေးခန်းကို သွားပြရပါတယ်၊ ဆေးခန်းကို ပိုက်ဆံပေးစရာမလိုပါဘူး၊
ကုမ္မဏီက လုပ်ပေးထားတဲ့ ကဒ်လေးသာပြလိုက်ရင်ပြီးပါပြီ၊ ဆရာဝန်ရဲ့ဆေးထောက်
ခံချက်နဲ့ ဆရာဝန်ခွင့်ပြုပေးထား တဲ့ရက်အထိ ..သက်သက်သာသာ အနားယူခွင့်
ရှိပါတယ်။
အဲဒီကာလက မြန်မာပြည်ဟာ ဘယ်နားမှာရှိမှန်းမသိလို့ အတော့် ကို ရှင်းပြရသေး
တယ်၊ ရှင်းပြပေမဲ့လည်း မသိတဲ့သူကများပါတယ်၊
ထိုင်းကိုတော့ သူတို့သိကြပါတယ်၊ ထိုင်းနိုင်ငံရဲ့ တဖက်ကလို့ ပြောပြလို့
..အင်း ..အော် ..လို့သာ ပြောပေမဲ့ တော်တော်များများဟာ မသိကြဘူး။
အဲဒီကာလက အဖြစ်အပျက်တွေကို ကျနော်ပြန်စဉ်းစားတိုင်း ပြုံးနေမိတော့တယ်၊
ဘာလို့လည်းဆိုတော့ ဗမာဆိုလို့ လက်ချိုးရေလို့ ရတဲ့ အချိန်ပါ၊ တခါတရံ
ကွာလာလမ်ပူ မြို့ထဲမှာ မိန်းကလေးတွေကို မလေးတရုတ်မ ထင်ပြီးနောက်ကနေ ကျနော့်
သူငယ်ချင်းများက ပေါက်ကရစကားတွေနဲ့ ဗမာလိုပြောပါတယ်၊
အဲလိုမိန်းကလေးတွေ နောက်ကနေ ပေါက်ကရစကားတွေနဲ့
ပြောနေပေမဲ့..ထိုမိန်းကလေးများက ဘာမှပြန်မပြောပါ၊.. အဲလိုစကားပြန်မ
ပြောတော့ မလေးတရုတ်မ လို့ပဲ ထင်နေပြီးနောက်ကနေ ကပ်ပြီး ပေါက်ကရ စကားတွေထပ်
ပြောရင်းနဲ့ အဲဒီမိန်းကလေး တသိုက်ဟာ
ယခု MYDIN…ယခင်က MATROJAYA. ကုန်တိုက်.ဘေးနားက ဒေါင့်ချိုးနားလည်းရောက်…
ဘတ်စကားပေါ်တက် ခါလဲနီးရော ..ဗမာလို ကျနော်တို့ကို ပစ်ပစ်နှစ်နှစ် ဆဲသွား
ပါတော့တယ်၊ အဲဒီအခါမှ ကျနော့်သူငယ်ချင်းတွေ ဗမာမ တွေမှန်းသိပြီး
ရှက်ကိုးရှက်ကန်းဖြင့် တချိုးထဲ သုတ်ခြေ တင်ပါတော့တယ်၊ အဲဒီတုန်းက
ဗမာမတွေဟာ အသားဖြူသူများက မလေးတရုတ်မ စတိုင်ဝတ်စားထားရင် လုံးဝ ဗမာလား..?
မလေးတရုတ်မလား..? ဘယ်လိုမှ ခွဲ လို့ မရဘူး၊အဲဒီကာလတွေက မလေးရဲတွေက
ပါစ်စပိုစ့် မရှိရင် ..နောက်ပါမစ်မရှိရင် ဖမ်းပါတယ်၊ ငွေတောင်းပါတယ်၊
ငွေမပေးနိုင်ရင် camp. လို့ခေါ်တဲ့ နိုင်ငံခြားသားများ
ထိမ်းသိမ်းထားတဲ့နေရာ၊ ထိုင်း camp နဲ့လုံးဝမတူပါဘူး။ တနည်းအားဖြင့်…ထောင်
..ပါပဲ …အဲဒီကိုပို့ လိုက်ကြလို့ပါ၊
အဲဒီထဲရောက် ခဲ့ရင်တော့..ငွေမလိုက်နိုင်သူများ တော်တော်နဲ့
ပြန်မထွက်နိုင်တော့ ပါဘူး၊ ငွေလိုက်နိုင်တဲ့သူဖြစ်ဖြစ်၊
အချိန်စေ့လို့ပဲဖြစ်ဖြစ်၊ ဖမ်းထားတဲ့သူတွေကို ပြန်လွှတ်တော့မယ်ဆိုရင်
ရဲ..ကားတွေနဲတင်လာတဲ့.့ လွတ်ရက်စေ့သူများ၊ ငွေပေးနိုင်သူများ၊ ကို
ထိုင်းနယ်စပ်ကို မလေးအခေါ်.. buang… ဗွမ်း.. သွားလွှတ်ပါတယ်၊ ထိုင်းနယ်စပ်က
လူကုန်ကူးသူ ပွဲစားများကတော့ ရာဘာတောထဲက ကြိုစောင့်နေပါတယ်၊ မလေးရဲတွေနဲ့
အချိန်းအချက် လုပ်ထား သူတွေပါ၊ နယ်စပ်ရာ ဘာတောထဲမှာ မလေးရဲတွေ
လွှတ်လိုက်တဲ့သူတွေကို ကြိုစောင့်နေတဲ့ လူပွဲစားများက သူတို့ အိမ်၊
ထိုင်းဖက်ခြမ်းက ဆွန်ဂိုင်းဂလုပ်(ထ် ) ဖက်ကိုခေါ်သွားပါတယ်၊
ထမင်းမစားရသေးရင် ထမင်းကျွေး ပါတယ်၊ပြီးတာနဲ့ မေးပါတော့တယ်၊ ကွာလာလမ်ပူ
မှာဘယ်သူရှိသလဲ?
အကို၊ မောင်နှမ၊ အသိမိတ်ဆွေရင်း၊ ရှိသလားမေးပါတယ်၊ ရှိတယ်ဆိုရင်
ဖုန်းဆက်ပြီး မလေးကိုပြန်တက်လာဖို့ အတွက်ငွေ တင်ပို့ပေးဖို့
ပြောခိုင်းပါတယ်၊ ငွေကို ပွဲစားလူကုန်ကူးသူတွေက သူတို့
ထိုင်းဘဏ်အကောင့်ထဲကို အရင်အထည့်ခိုင်းပါတယ်၊ ငွေရောက်ပြီးဆိုမှ အဲဒီလူကို
မလေးထဲကိုပွဲစား သို့.. “ ရဲ” တွေနဲ့ ပြန်ချိပ်ပြီး ပြန်တင် ပါတယ်၊
ထိုင်းနယ်စပ်မြို့ ဆွန်ဂိုင်းဂလုပ်( ထ် )ကနေ ကွာလာလမ်ပူ အရောက်ကို
မလေးငွေအဲဒီကာလက တထောင်ကျော်ပေးရပါတယ်။
တချို့သူများ ကျတော့လည်းအရမ်းကို သနားဖို့ကောင်းပါတယ်၊ ပိုက်ဆံတင်ပေးမဲ့
သူကလည်းမရှိ၊ ဆိုရင်တော့ အဲဒီထိုင်း ဆွန်ဂိုင်းဂလုပ်( ထ် )ကလူကုန်ကူး
သူလူပွဲစားများကတော့အဲဒီ လူကိုငါးဖမ်းစက်လှေ ကိုအပြီးရောင်းစား
လိုက်ကြပါတော့တယ်၊
တချို့ကျတော့လည်း နဲနဲလူစိတ်ရှိတဲ့ လူပွဲစားများကတော့ သူတို့
နယ်စပ်မြို့လေး ထဲတင် အလုပ်သွင်းပေးပြီး အလုပ်ခိုင်းပါတယ်၊
အလုပ်လုပ်ခနဲ့မလေး ထဲကို ပြန်တင်မဲ့ ကုန်ကျစား ရိတ်ကိုရပြီဆိုတဲ့အခါကြတော့မှ မလေးထဲကို ပြန်တင်
ပေးကြပါတယ်၊ အများစုကတော့ ငါးဖမ်းစက်လှေကို အပြီးေ၇ာင်းစား
လိုက်တာပါပဲ။..အဲလိုနဲ့ဘ၀ ပျက်သွားရတဲ့ သူတွေ အများကြီးပါ။
အဲဒီအချိန်ကာလ တုန်းကတော့ မလေးရှားကို ရန်ကုန် အသိုင်းအ၀န်းနဲ့
မြို့နေလူတန်းစား ပညာတတ်လူငယ်တွေပဲလာကြတာများပါတယ်။ ဒါကြောင့်
အဲဒီအချိန်အခါက ဗမာတွေဟာ မလေးနဲ့တူတဲ့သူက မလေးလိုဝတ်စားကြသလို၊
မလေးတရုတ်နဲ့ တူတဲ့သူကလည်း မလေးတရုတ် မတွေလို ၀တ်စားကြရခြင်းပဲ ဖြစ်ပါတယ်၊
မိန်းကလေးတွေဆို တချို့ဆို ဘ၀ တွေပျက်သွားကြတာ ဒုနဲ့ဒေးပါပဲ။
အဲဒီဆွန်ဂိုင်းဂလုပ်(ထ် ) လို့ ကျနော်ပြောတဲ့နေရာက မြေပုံအရဆိုရင်
ထိုင်းနိုင်ငံ တောင်ပိုင်းနယ်စပ်မြို့လေးပါ၊
အများစုက ထိုင်းနိုင်ငံသား အစ္စလာန် ကိုးကွယ်ကြသူများပါတယ်၊ နောက်..မလေးစကား
လည်းပြောပါတယ်၊ မလေးနိုင်ငံကတော့ ထိုနယ်စပ်မြို့လေးက အစ္စလာန် ကိုးကွယ်ပြီး
မလေးစကား လည်းပြောတဲ့ ထိုင်းနိုင်ငံသား ထိုသူများကို မလေးအနွယ်လို့
သတ်မှတ်ထားတာပါ၊
အဲဒီနေရာဟာ ခဏခဏ ဗုံးပေါက်တာတွေ..သေနတ်နဲ့
ပစ်သတ်ခံရတာတွေခုချိန်ထိဖြစ်ပွားနေဆဲပါ၊ ဒုစရိုက်နယ်မြေလို
့တောင်ပြောလို့ရပါတယ်၊ မူးယစ်ဆေးဝါးလည်း ပေါပါတယ်၊ မလေးနိုင်ငံထဲမှာ
ရဲအဖမ်းခံရပြီးလို့ ရှင်းလို့ မရရင်တော့ ..camp ထဲေ၇ာက်..တဖန် camp ထဲကနေ
နယ်စပ်ကို ခေါ်သွားပြီးပြန်လွှတ်ပေးတဲ့ အချိန်မှာ ရုပ်ရည်ချောမောတဲ့ ဗမာ
မိန်းကလေးတွေ ခဗျာ .....
ဘ၀ပျက်ကြရတာ များပါတယ်၊ အဲဒီကာလက ရုပ်ရည်ချောမောတဲ့ ဗမာမိန်းကလေးတွေကို
မလေးရဲတွေကလည်း ဖမ်းမိလို့ငွေမပေးနိုင်ရင် ပတ္တရောင်ကားထဲတင် မုဒိမ်းကျင့်
ပါတော့တယ်၊ တခါကဆိုရင် ဗမာလင်မယားစုံတွဲ တတွဲပါ၊ အလုပ်ကပြန်လာရင်းလမ်းမှာ
ပတ္တရောင်လှည့်တဲ့ မီးတန်းကားနဲ့ တိုး ပြီး ရဲစစ်တဲ့အခါမှာ
ပါမစ်မရှိတာကြောင့် ရဲကလင်မယားနှစ်ယောက်စလုံးကို
ဖမ်းပြီးကားပေါ်တင်ခေါ်သွားပါတယ်၊ ကားထဲမှာ ပိုက်ဆံ ဘယ်လောက်ပါလဲ မေးပါတယ်၊
အဲဒီလင်မယားမှာ ပိုက်ဆံပါသော်လည်း ရဲတောင်း သလောက်မပါကြပါဘူး၊
ကောင်မလေးကချောချောလှလှလေးဆိုတော့ ရဲကပိုက်ဆံ ပိုတောင်းတာပါ၊
မပေးနိုင်မှန်းသိလို့ ပိုတောင်း တာဖြစ်ပါတယ်။ မပေးနိုင်တော့
ယောင်္ကျားဖြစ်တဲ့ကောင်လေးကို အဆောက်အဦး အပျက်ကြီးထဲကိုခေါ်သွားပြီး လက်ကို
လက်ထိပ်ခတ်ထားပြီး ရဲတယောက်စောင့်နေပြီး ကျန်တဲ့ရဲ တယောက်က
ပတ္တရောင်လှည့်တဲ့ ကားပေါ်တင် မုဒိမ်းကျင့်ပါတော့တယ်၊ ပြီးတော့မှ ယေင်္ကျားကို
လက်ထိပ်ခတ်ပြီးစောင့်နေတဲ့ ရဲ နဲ့ လူချင်းလဲပြီးနောက် ရဲတယောက်က ထပ်ပြီး
မုဒိမ်းကျင့်ပါတယ်။
နှစ်ယောက်စလုံးပြီးပြီ ဆိုတော့မှ အဲဒီလင်မယားကို ကားထဲပြန်ထည့်ပြီး သူတို့
စဖမ်းခဲ့တဲနေရာကို ပြန်လာချပေးခဲ့ပါတယ်၊
အဲဒီအချိန်ဟာ မှောင်နေပါပြီ၊ အဲဒီ ဗမာလင်မယားအလုပ်ကပြန်လာတဲ့အချိန်ဟာ ညဖက်
၉နာရီပါ၊ OT..အချိန်ပိုဆင်းခဲ့လို့ အိမ်ပြန်နောက်ကျနေတာပါပဲ၊
ဒီလိုမျိုးအဖြစ်ဆိုးများနဲ့ ကြေကွဲစရာ ကျနော်တို့ဘ၀တွေကို အဲဒီကာလတွေက
ရုန်းကန်ကြရင်း၊ တချို့လည်း ဘ၀တွေပျက်ကြ၊အရှက်တကွဲ အကျိုးနဲ
အဖြစ်ဆိုးတွေနဲ့ ဘ၀တွေ နိဂုံးချုပ်သွားပါ တော့တယ်။.
● မှတ်ချက်
နှစ်ဆယ့်တနှစ်တာ မလေးရှားမှာ..နှင့်.. ယနေ့ မြန်မာအလုပ်သမားများဘ၀ထိ..
ဤဆောင်းပါးကို အပိုင်းလိုက်ခွဲပြီး တင်ပြသွားပါ့မယ်လို့ လေးစားစွာဖြင့်
အသိပေးပါရစေ။
:from;http://moemaka.com/
0 comments:
Post a Comment
သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group