ပူအိုက်သော တပေါင်းလပြည့်ကျော်အခါ ဖြစ်သည့်အပြင် မီးရထားမှာလည်း
ခပ်နှေးနှေးပင် ခုတ် မောင်းနေလေရာ၊ နေပူကျဲကျဲလယ်ကွင်းပြင်များကို
မြင်ရတိုင်း စိတ်အိုက်စရာ ဖြစ်လေ၏။ ကျွန်တော် သည်ပါလာသော
မဂ္ဂဇင်းစာအုပ်နှင့် ယပ်ခပ်ရင်း ထွေရာလေးပါးတွေးနေမိ၏။ ရထားတွဲထဲတွင်
လူများများ မပါချေ။ ကျွန်တော်နှင့် တလန်အကွာတွင် အမယ်အိုတစ်ယောက်
လိုက်ပါလာလေသည်။ အမယ်ကြီးမှာ အသက် ခြောက်ဆယ်နီးပါးရှိပြီး
ပြောလိုက်သည့်စကားမှာ ကြက်တူရွေးကျနေတော့၏။ သူနှင့်စကားပြောဖော်ရသော
မိန်းမကြီးတစ်ယောက်သည်လည်း ဘူတာတစ်ခုတွင် ဆင်း၍သွားပြီဖြစ် ရာ၊ အမယ်အိုသည်
ကျွန်တော့်ဘက်သို့လှည့်လာတော့သည်။
ကျွန်တော့်မှာ ပူအိုက်ရသည့်အထဲတွင် အေးအေးဆေးဆေးစကားမပြောလိုချေ။
တနည်းအားဖြင့် ကျွန်တော့စိတ်ကူးမှာ အတော်ယဉ်၍နေသဖြင့် စိတ်ကူးမပျက်လိုချေ။
သို့သော် မရှောင်သာပြီ။ အမယ်အိုသည် ဇွတ်အတင်းစကားစလေတော့သည်။
"အဖွားဘယ်သွားမလို့ပါလဲ" ဟု မကောင်းတတ်သဖြင့် စကားပြန်မိတော့၏။
"အဖွားလား…မောင်အန့်ဆီကိုလေ၊ မောင်အန့်ဟာ အဖွားရဲ့သားအငယ်ပေါ့
ငါ့မြေးရဲ့။ မောင်အန့်ကို အဖွားမမြင်ရတာ ငါးနှစ်လောက်ရှိသွားပြီ"
ဟုပြောရင်း ပြတင်းမှ အဝေးကိုမြှော်ကြည့်နေသည်။ သူ့မျက်နှာတွင်
သူ့သားမောင်အန့်ကို တွေးမိပြီးလျှင် မကုန်နိုင်သော မိခင်တို့မေတ္တာဖြင့်
အချစ်ရောင် လွှမ်းနေသည်။ ကျွန်တော်စကားမရှည်စေလိုသဖြင့်
ခပ်မဆိတ်နေလိုက်သော်လည်း အဖွားကြီး ကျွန်တော့်ဘက်သို့ လှည့်လာပြန်၏။
"မောင်အန့်ဟာလေ မိန်းကလေးလိုပဲ။ စကားများပြောရင် နွဲ့နွဲ့ကလေး
ပြောတတ်တယ်။ ငယ်ငယ် တုန်းက မိန်းမရှာကလေးများ ဖြစ်နေမလားလို့
အဖွားစိုးရိမ်လိုက်တာ မောင်ရယ်။ အခုတော့ ယောက်ျားကြီးဖားဖား ဖြစ်နေပေါ့"
"သားယောက်ျားဘဲ အဖွားရဲ့? ကြီးရင်ယောက်ျားကြီးဖြစ်လာမှာပေါ့"
"အေး…အေး . ငါ့မြေးပြောတာဟုတ်တယ်။ မောင်အန့်ဟာအခု ယောက်ျားကြီးဖြစ်နေပြီ၊ မိန်းမတွေဘာ တွေများရလို့တဲ့၊ အမယ်လေးဟဲ့ငါ့သား"
အနို့ မိန်းမယူတုန်းက အဖွားမသိဘူးလား"
"မသိရင်ပေါင်တော်၊ အထက်မှာအလုပ်သွားလုပ်ရင်း အိမ်ထောင်ကျနေပြီး
အဖွားဆီပြန်မလာတာ ငါးနှစ် ကျော်သွားပြီ။ စာကလေးများတော့ တစ်နှစ် တစ်ခါလောက်
ရဘူးပါရဲ့။ အဖွားကတော့ စာပေးတာ အစောင်ပေါင်းကို သုံးဆယ်ကျော်ရော့မယ်။
ဟောဒီကလေးဟာလေ တော်တော်ဆိုးတဲ့ကလေး၊ အဖွားစာရေးတိုင်း သူဘယ်တော့မှမပြန်ဘူး။
ဒါကြောင့်ငယ်ငယ်က သူ့အဖေက ရိုက်တာ၊ သူ့အဖေ ဟာလေ မောင်နှယ်တစ်ခါတစ်ခါ
ရိုက်မှဖြင့် ကျွဲနွားရိုက်သလိုပဲ၊ ကလေးကို ထွန့်ထွန့်လူးအောင် ရိုက်တယ်။
အဖွားကဆွဲဆွဲထားရင်၊ နင့်ကြောင့်ကလေးပျက်နေတာ၊ သားသမီးဒါလောက်အလိုလိုက်ရင်
ဘယ်ကောင်းတော့မလဲနဲ့ ဆူတယ်။ မောင်အန့်ကတော့ ငယ်ငယ် ကတဲက လိမ္မာပါတယ်။
ရုပ်ရည်ကလေးကလဲ သူ့အကိုမောင်ဉာဏ်နဲ့ မတူဘူး။ သိမ်သိမ် မွေ့မွေ့ကလေးရယ်၊
ဒါကြောင့်မို့ သူ့ကို အညာသူတွေအရ ဖမ်းတာပေါ့။ ကျုပ်သားတော်ငယ်ငယ်
ကလေးရှိသေးတယ်။"
"အဖွားသား ကိုအန့်အသက်ဘယ်လောက်ရှိပြီလဲ"
"လူကလေးအသက်လား..နေအုံး…အင်း၊ သူမွေးတော့ သူကြီးနဲ့ သူ့အဖေနဲ့
လယ်ခွန်အတွက် စကား များတဲ့နှစ် မောင်ရဲ့။ ကောင်းကောင်းတော့ မမှတ်မိတော့ဘူး။
ဟိုကုလားနဲ့ ဂျာမနီစစ်ဖြစ်ကြတော့ မောင်အန့် ခုနှစ်နှစ်သားလောက်ရှိပြီ။
အဲ့ဒီတော့ထွားထွားကျိုင်းကျိုင်းကြီးနဲ့ စစ်ထဲတောင်လိုက်မယ် လုပ်လို့
အဖွားငိုလိုက်ရတာ တကထဲမှာဘဲ"
အဖွားကြီးက "ကျုပ်သားငယ်ငယ်ကလေးရှိသေးတယ်" ဟုပြောသဖြင့် ကျွန်တော့်မှာ
အသက် ၂ဝ ကျော်လူပျိုကလေးအောက်မေ့မိသော်လည်း သူသေသေချာချာတွက်၍ပြမှ
သူ့သားမှာ အသက် လေးဆယ်ကျော်ကျော်ခန့် ရှိနေပြီဖြစ်ကြောင်းသိရ၍ ဝမ်းထဲက
ပြုံးမိပါတော့၏။
အဖွားကြီးသည် နို့ဆီဘူးအလွတ်တစ်ခုတွင် ပြောင်းဖူးဖက်ဆေးလိပ်တို တစ်တိုကို ခေါင်းစိုက်ကာ မီးညှိလေ၏။
"လူကလေးဟာလေ ပြောင်းဖူးဖက်လိပ်များ ဘယ်လိုကြိုက်မှန်းမသိဘူး။
တစ်ခါအဖွားလိပ်ပေးတဲ့ ဆေးလိပ်ပွယောင်းယောင်းနေတယ်ဆိုပြီး လွှတ်ပစ်လိုက်တာ
လူကလေးတို့များ စိတ်တိုရန်ကော။ မောင်ဉာဏ်နဲ့ ရန်ဖြစ်တာလဲ ခဏခဏပဲ။ အို
အိမ်မှာသူချည်းမင်းမူနေတာပါ ပါဘဲလေ။ အခုလဲ အဖွား လိုက်လာခဲ့ပါရစေ၊
မြေးကလေးတွေ တွေ့ချင်လို့ပါလို့ စာရေးတာတောင်၊ အခုမလာနဲ့အုံးတဲ့။
အလုပ်အားတဲ့အခါကျတော့မှာ စာရေးမှာပေါ့တဲ့။ စာပြန်လာတယ်။ အဖွားတော့
အတင်းလိုက်လာခဲ့ တာဘဲ။
ဟီး….ဟီး…..ဘယ်လောက်များ စိတ်တိုလိုက်မလဲလို့၊ ဒါပေမယ့် သူ့ကိုချော့ဖို့
သူ့အဖေမသိအောင် အဖွားစုထားတဲ့ ငွေကလေးများယူလာခဲ့လို့
တော်တော်သဘောကျမှာဘဲ"
"အဖွားသားက ဘာလုပ်စားသလဲအဖွားရဲ့"
"လယ်ပေါ့မောင်ရယ်…လယ်ပေါ့။ သူပုန်တွေထလို့ အဖွားတို့ဆီမှာ တော်တော်အလုပ်
အကိုင်ပျက် တော့ သူအထက်ထွက်သွားတာဘဲ။ အဖွားဆီက စပါးကလေးရောင်းရတဲ့
ငွေတွေအကုန်ပေးလိုက် တယ်။ သူ့အဖေတောင်မသိပါဘူး။ ဒါနဲ့လက်ဦးတော့
တစ်နှစ်တစ်ခါလောက် အိမ်ပြန်တယ်။ အခုဖြင့် သားနဲ့မယားနဲ့မို့
မပြန်နိုင်တော့ဘူးထင်ပါရဲ့။ တော်တော်တော့ ချောင်ချောင်လည်လည် ရှိပါရဲ့လို့
စာထဲမှာပါတယ်။ သူကြိုက်တတ်တဲ့ မဟာပေါင်းငါးပိကလေး ငါးပိသာလောက်
အဖွားယူလာခဲ့တယ်။ ငါးပိရေများ အဖွားထက်တောင်ကြိုက်သေးတယ်။ အခုတေ့
ငါးပိကောင်းကောင်း စားရမှာမဟုတ်ဘူး။ အဖွားကတော့ ဒေါ်မင်းမဆီက ငါးပိကိုမှ
သေသေချာချာချက်ပြီး ကျွေးတာမောင်။ ဒေါ်မင်းမငါးပိမှ ကောင်းတယ် ကြည့်ပါလား…."
ဟု ပြောပြောဆိုဆို ထိုင်ခုံအောက်တွင်ချထားသော ရေနံဆီသံပုံးထဲ တွင်
ငှက်ပျောရွက်များ ဖုံးထားသော ငါးပိကို လက်နှင့်ကော်၍ ပြမည်ပြုသည်။
"တော်ပါတော့အဖွား၊ သိပါတယ်။ ဟုတ်ပါရဲ့ ကျွန်တော်အနံ့ရပါတယ်။
မွှေးကမွှေးပါဘိသနဲ့" ဟု ပြောမှ လက်ကိုရုတ်သည်။ ခက်ချေပြီ။ အိုက်ရပူရသည့်
အထဲတွင် အဖွားကြီးစကားများပုံနှင့် တော်တော် စိတ်ညစ်စရာ ကောင်းနေတော့၏။
သူ့သားအကြောင်းပြော၍ ဆုံးတော့မည်မဟုတ်ချေ။ ကျွန်တော်စကားစပြတ်၍သွားရန်၊
ဉာဏ်မီသလောက် အကြံထုတ်ရတော့၏။
အဖွားကြီးကား လျှော့၍မပေးချေ……
"မိုးဦးများကျပလားဆိုရင်လေ လယ်ထဲကအပြန် ရိုးကလေးက ဖမ်းလာတဲ့ ငါးကလေးတွေ
အဖွား မီးဖုတ်ပြီး ငါးပိနဲ့ဖျော်ပေးရတယ်။ သရက်သီးဆားစိမ်တို့တို့ပြီး
စားလိုက်တာ မောင်ရယ်၊ ဇိန်းကြီးဆန် နို့ဆီဘူး တစ်လုံးခွဲချက်လောက်များ
ချောတာဘဲ။ အခုတော့ သူဇိန်းကြီးဆန်ဘာစားရတော့မလဲ"
"ဟာ…..အဖွားနှယ် ဇိန်းကြီးဆန်မစားရရင် တခြားဆန်စားမှာပေါ့။ ဗမာပြည်မှာ
ဆန်ရှားတာလိုက်လို့ အဖွားကလဲ စိုးရိမ်နေလိုက်တာ" ဟု ကျွန်တော်က
စိတ်တိုတိုနှင့် ပြန်ပြောမိတော့သည်။
"မဟုတ်ဘူးမြေးရဲ့၊ မောင်အန့်ဇိန်းကြီးဆန်ကလွဲရင်
ကောင်းကောင်းမစားနိုင်ဘူး။ ငယ်ငယ်ကလေးက အဖွားဇိန်းကြီးထမင်းဘဲ
ဝါးခွန့်လာခဲ့တာမို့လို့ ပြောတာ။ အမယ်လေး…အိုက်လိုက်တာ"
"ဟုတ်တယ် သိပ်အိုက်တာဘဲအဖွား၊ ကျွန်တော်လဲနောက်ဖေးသွားလိုက်အုံးမယ်"
ဟုပြောရင်း စကား စမှ ပြတ်စေတော့ သဘောထားက မီးရထားအိမ်သာထဲသို့
နံနံစော်စော်နှင့်ပင် ဝင်ခဲ့ရလေသည်။ အိမ်သာမှထွက်ပြီး နီးရာခုံတစ်ခုတွင်
ထိုင်၍စာဖတ်နေမိပါသည်။ အမယ်အိုလည်း သူ့တောင်းကလေး အထုတ်ကလေးများကို
သည်ပိုးပြင်ဆင်နေသည်ကိုမြင်ရမှ ကျွန်တော့်ဝမ်းထဲတွင် အေး၍သွားတော့ သည်။
သူဆင်းမည်နေရာသို့ မီးရထားဆိုက်တော့မည်။ မီးရထားကိုပင် ကျေးဇူးတင်မိတော့၏။
မီးရထားသည် ဘူတာတစ်ခုကို ဆိုက်ပြီးနောက် တဖန်ရပ်သောဘူတာတွင်
အမယ်အိုဆင်းသည်။ သူ့မျက်နှာ အလိုလိုပြုံးနေ၏။ ခပ်သုတ်သုတ်ရထားမှဆင်းလေသည်။
မီးရထားရုံ စင်္ကြံပေါ်တွင် လူများများမရှိ၊ ဈေးသည်မိန်းမကြီးတစ်ယောက်
ပေါ်တာကုလားနှင့် အသက်လေးဆယ်ခန့် ထောင် ထောင်မောင်းမောင်းကြီး
လူတစ်ယောက်ကိုသာ မြင်မိသည်။ ထိုလူကြီးဆီသို့ အမယ်အိုအပြေး ကလေးတဝက်သွားသည်။
လူကြီးမှာကား အမယ်အိုကို မြင်သဖြင့် အမယ်အိုလောက်ဝမ်းမြောက်ပုံ မပေါ်ချေ။
သူ့ဆေးတန်ကိုခဲရင်း ကြည့်နေသည်။ အမယ်အိုသည် ထိုလူကြီး၏ လက်ကိုကိုင်သည်။
သူ့မျက်လုံးတို့ကို မိမိသဘတ်ကလေးဖြင့် ငုံ့၍သုတ်သည်ကို မြင်ရသဖြင့်၊
သူ့သားကို မြင်လိုက်ရ သဖြင့် ဝမ်းပမ်းတသာ မျက်ရည်ကျရှာသည်ဟု
ကျွန်တော်တွေးမိသည်။ သူ့သားမှာ အမယ်အိုကို သာမန်ကြည့်ရုံမျိုးနှင့်သာ
ကြည့်ရင်းပစ္စည်းကလေးများကို သယ်ပိုးပြီး မီးရထားရုံအပြင်သို့ ထွက်သွား သည်။
အမယ်အိုကား နောက်မှစကား တတွတ်တွတ်ပြောရင်း လိုက်ပါသွားသည်ကို
ကျွန်တော်မြင်ရ ၏။ မီးရထားရုံအပြင်တွင်ကား လှည်းကလေးတစ်စီးဆိုက်ထား၍ထားသည်။
သားအမိနှစ်ယောက်သား လှည်းပေါ်သို့တက်ကြ၏။ အမေကြီး၏ မျက်နှာကား
ပြုံးရွှင်၍နေ၏။ သူ့သားမှာ ဆေးတန်ကို ပါးစပ်ထဲ တွင်ခဲကာ နွားတပ်၍နေသည်ကို
မီးရထားပေါ်မှ မြင်ရသောကျွန်တော့်မှာ မကုန်နိုင်သော မိခင်အချစ် နှင့်
အလားတူမဟုတ်သော သား၏မေတ္တာကိုတွေးပြီး "မောင်အန့်ငယ်ငယ်ကလေးရှိသေးတယ်" ဟု
ပြောသောအမယ်အိုကြီး၏ စကားကို ကြားယောင်ကာပြုံးမိ၏။
လှည်းကလေးသည် နေပူကျဲကျဲတွင် ဖုတ်တထောင်းထောင်းဖြင့် မောင်းနှင်သွားသည်ကို ထွက်စပြုပြီ ဖြစ်သော မီးရထားပေါ်မှမြင်ရပါသည်။
(၁၉၃၉ ခုနှစ် မတ်လထုတ် ဂန္တလောက မဂ္ဂဇင်းစာအုပ် စာ ၃၂-၃၅)
0 comments:
Post a Comment
သင့်ရဲ့ စကားတစ်ခွန်းသည် ၊သင့်ရဲ့ ၊အရည်ချင်းတွေကို ဖော်ပြနေလိမ့်မည်၊ပုဂ္ဂိုလ်ရေးတို
က်ခိုက်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုမှုမပါသည့် မှတ်ချက်များကို စိစစ်ပြီးမှ မကြာမှီ
ဆက်လက် ဖော်ပြပေးပါမည်၊ ချစ်ခင်လေးစားစွာဖြင့် ManAung Media Group