Welcome to Manaung island

♫ မာန်အောင်ကျွန်းမှ လှိုက်လှဲစွာကြိုဆိုပါတယ် ♫ "

အိုဘားမား မြန်မာခရီးစဉ် ပြည်သူများကို မိန်းခွန်းပြော

အမေရိကန်သမ္မာတ မြန်မာခရီးစဉ်သည် ၊မြန်မာပြည် ဒီမိုကရေစီ လမ်းစဉ်အတွက် အခွင့်အလမ်းများ ပိုအားကောင်းလာ

ကျွန်မလေး ပြည်သူ့ကို ချစ်ပါတယ်လို့ပြောသွားတဲ့ ဒေါ်စု

နိုင်ငံရေးကို လိမ်ညှာ လှည့်ဖြား၍ မလုပ်ပါဟု ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ရုပ်ရှင်သရုပ်ဆောင်နေတိုး မာန်အောင်ပြည်သူများ လှိုက်လှဲစွာကြိုဆို

ယခုအချိန်တွင် top one အဆင့်တွင် ရပ်တည်နေသော ရုပ်ရှင်သရုပ်ဆောင် ကိုနေတိုး

မြန်မာ ရေတပ် အမိန့်ထုတ်ပြီး ငါဖမ်းလှေများမှ ဆက်ကြေးကောက်

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် စခန်းချထားသော ရေတပ်စခန်းမှ တရားမ၀င် အမိန့်များ ထုတ်ပြန်ကာ ဒေသခံ ငါးဖမ်းသမားများထံမှ ဆက်ကြေးများ တိုးမြှင့် ကောက်ခံနေကြောင်း သိရ

မာန်အောင်တောင်သူလယ်သမားများ အစိုးရ အဖွဲကို ဆပ်ကြေးများ ပေးဆောင်နေရ

စစ်တပ်အမိန့်ထုတ်ပြန် တအိမ်လျှင် ကျပ် ၁၅၀၀၀ ကောက်ခံ မပေးဆောင်လျှင် စစ်တတ်က အရေးယူဆောင်ရွက်မည်ဟု ညှင်းဆဲ ရိုက်နက် ချိန်းခြောက်မှုခံနေရ

Friday, 28 December 2012

NLD ပညာရေးရန်ပုံငွေပွဲ ဒေါ်စုဖွင့်လှစ်


ဒေါ်အောင်ဆန်းစုကြည်NLDပညာရေးရန်ပုံငွေပွဲဖွင့်လှစ်စဉ်။
နှစ် ၅၀ လုံးလုံး နုံချာခဲ့ရတဲ့ မြန်မာပညာရေးကို မြန်မာပြည်သူ အားလုံး က ၀ိုင်းဝန်း ဆွဲတင် ပေးဖို့ လိုနေပြီလို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပညာရေးရန်ပုံငွေရှာတဲ့ ဒီကနေ့ ဖျော်ဖြေပွဲမှာ အခုလိုပြောဆို တိုက်တွန်းသွားတာပါ။ နှစ်ရက်ကြာ ပြုလုပ်မယ့် ဒီဂီတရန်ပုံငွေပွဲကို ဒီကနေ့ စတင်ဖွင့်လှစ်ခဲ့တာမှာ မြန်မာအစိုးရဝန်ကြီးအချို့လည်း တက်ရောက်အမှာစကားပြောကြားတာတွေရှိခဲ့ပါတယ်။ ဒီပွဲကို ကိုယ်တိုင် တက်ရောက်သတင်းယူခဲ့တဲ့ ရန်ကုန်အခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင်က အပြည့်အစုံပြောပြပေးထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွှတ်မြောက်ခဲ့တဲ့ အချိန် က စပြီးတော့ ဖွဲ့စည်းလိုက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက် ၂နှစ်ပြည့်မှာ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ တစ်ရပ်ကို ရန်ကုန်မြို့မှာ ကျင်းပလိုက်တာပါ။ အခုလိုကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက် (၂) နှစ်ပြည့် အခမ်းအနားဖွင့်ပွဲမှာ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အာဏာရှင်စစ်အစိုးရတွေ အုပ်ချုပ်ခဲ့စဉ် နှစ်ပေါင်း ၅၀ မှာမြန်မာ့ပညာရေး ဟာ လုံးဝ နိမ့်ပါးခဲ့ပြီး အောက်တန်း၊ နောက်တန်းရောက်နေတာတွေကို ပြည်သူ တစ်ရပ် လုံး က အခုအချိန်မှာ တာဝန်တရပ် အနေနဲ့ ကိုယ်နိုင်တဲ့ ဘက်ကနေ အားလုံး ဝိုင်းဝန်းကူညီ ဆောက်ရွက်ကြဖို့ ဒီကနေ့ပွဲမှာ ပြောကြားလိုက်ပါတယ်။

“ကျမတို့ ပညာမြှင့်တင်ရေးအတွက် ကူညီစေချင်တယ်။ ငွေရေးကြေးရေးအရ ကူညီနိုင်တယ်ဆိုရင် ငွေရေးကြေးရေးအရ ကူညီပါ။ လုပ်အားပေးခြင်းအားဖြင့် ကူညီနိုင်တယ်ဆိုရင်လည်း လုပ်အားပေးခြင်းအားဖြင့် ကူညီပါ။ ဒါမှမဟုတ် ဘေးကနေပဲ အားပေးနိုင်တဲ့ အခြေအနေရှိတယ်ဆိုရင်လည်း အားမငယ်ပါနဲ့။ တကယ့်ကို အင်တိုက် အားတိုက် အားပေးတာ၊ တကယ့်ကို စိတ်ပါဝင်စားစွာနဲ့ အားပေးတာဟာ ငွေရေးကြေးရေးအရ အားပေးတာလောက်ကို အာနိသင်ရှိနိုင်ပါတယ်။ လူတိုင်း လူတိုင်းဟာ ကူညီနိုင်တယ်။ ငါတို့လည်း ဒီနိုင်ငံရဲ့ ပညာရေးမြင့်တင်ရေး အတွက် တနည်းတလမ်းနဲ့ ပံ့ပိုးနိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ကို မွေးမြူပြီးတော့ တတ်နိုင်သလောက် ကြိုးစားပြီး ကူညီကြပါလို့ မေတ္တာရပ်ခံရင်းနဲ့ နိဂုံးချုပ်ပါတယ်။”

နှစ်ရက်ကြာပြုလုပ်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက် တေးဂီတဖျော်ဖြေပွဲ ဟာ ပြည်သူရင်ပြင်ထဲမှာ ကျင်းပခဲ့တာဖြစ်ပြီးတော့  ပညာရေး ရန်ပုံငွေအတွက် အမှတ်တရ ပစ္စည်းတွေ ရောင်းချပြီးတော့လည်း ရန်ပုံငွေ ရှာဖွေခဲ့ပါတယ်။ အခုလိုအမှတ်တရ ပစ္စည်းတွေ ရောင်းချတာနဲ့ ရရှိလာတဲ့ အလှူငွေတွေကို မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ ပညာရေးအတွက် အဓိက ကဏ္ဍတွေမှာ အသုံးချသွားမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နိုင်ငံရေး အပြောင်းအလဲတွေကြောင့် အခုလို ပညာရေးအတွက် အစိုးရနဲ့ အရင်က အတိုက်အခံ ဖြစ်ခဲ့တဲ့ အဖွဲ့ချုပ်တို့ကြားမှာ ပညာရေးအတွက် အတူဆောင်ရွက်ဖို့ ဆိုတာဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကဆို အိပ်မက်တောင် မမက်ခဲ့ဖူးဘူးလို့ နိုင်ငံတော် သမ္မတရုံး ၀န်ကြီးဦးအောင်မင်းက ပြောပါတယ်။

“ယနေ့ကျင်းပတဲ့ပွဲမျိုးကို မိမိလိုပြည်ထောင်စုဝန်ကြီးအဖွဲ့ဝင်တစ်ယောက်အနေနဲ့ တက်ရောက် အမှာစကား ပြောကြားခွင့်ရခြင်းကိုက ကျနော်တို့ နိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲတွေ၊ ဒီမိုကရေစီ တည်ဆောက်ရေးလုပ်ငန်းတွေ၊ အရှိန်မြန်မြန်နဲ့ ဘယ်လောက် ရှေ့ရောက်နေတယ်ဆိုတာကို သက်သေထူရာရောက်တဲ့ အသီးအပွင့်တစ်ခုလို့ပဲ ခံစားရပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်က ဒါမျိုးဆိုတာ စိတ်ကူးနဲ့တောင် ယဉ်လို့မရခဲ့ပါဘူး။ ”

ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလမှာ အမျိုးသားအကျိုးစီးပွားတစ်ခု ဖြစ်တဲ့ ပညာရေးကို ပါတီစွဲ ဂိုဏ်း ဂဃစွဲတွေ မရှိပဲ အားလုံး လက်တွဲ လုပ်ဆောင်ကြမယ်ဆိုတာ နိုင်ငံရေးအင်အားစုတွေကြားမှာ အမြစ်တွဲနေပြီ ဆိုတာကိုလည်း ခံစားလိုက်ရပြီလို့လည်း သမ္မတ၀န်ကြီးဦးအောင်မင်း ကပြောပါတယ်။
နှစ် ၅၀ အရင်က အရှေ့တောင်အာရှမှာ အဆင့်အတန်းမြင့်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကြီး ဟာ အခုဆိုရင် အဲဒီ့ အဆင့်ကနေ တဖြည်းဖြည်း နိမ့်ဆင်းလာခဲ့ပြီးတော့  အာရှမှာ နေရာမရတော့ဘူးလို့ လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။ အခုလို နေရာမရတော့တဲ့ ရန်ကုန်တက္ကသိုလ်ကြီးပြန်လည် အဆင့်မြှင့်တင်နိုင်ဖို့အတွက်လည်း အလှူငွေတွေ လိုအပ်နေတယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“အလှူရှင်အများကြီး ကျမတို့ လိုနေပါတယ်။ ရန်ကုန်တက္ကသိုလ်ဆိုတာဟာ တချိန်တခါတုန်းကဆိုရင် အာရှမှာတင်မက၊ တကမ္ဘာလုံးကပါ အသိအမှတ်ပြုလောက်အောင် လျှမ်းလျှမ်းတောက် တက္ကသိုလ်တခုဖြစ်ခဲ့ပါတယ်။ အဲ့ဒီ့လို အခြေအနေကနေပြီးတော့ လျောဆင်းသွားတာကတော့ အာရှမှာတောင်မှ နေရာမရတဲ့ တက္ကသိုလ်တခုဖြစ်နေပါတယ်။ ပြန်ပြီးတော့ ကျမတို့နိုင်ငံရဲ့ ပညာရေးကို တကမ္ဘာလုံးကနေ လေးစားအောင်လို့ ကျမတို့ ရန်ကုန်တက္ကသိုလ်ကနေပြီးတော့ စချင်ပါတယ်။”

မြန်မာပညာရေး ပြန်လည်သစ်ဆန်းလာဖို့ အတွက်လည်း ပညာရှင်တွေ လိုအပ်နေပြီး ပြည်တွင်းကိုပြန်လာ ပြီး ၀ိုင်းဝန်းလုပ်ဆောင်ကြဖို့ လိုနေတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ခဲ့ပါတယ်။

ဒီကနေ့နဲ့ မနက်ဖြန်မှာပြုလုပ်မယ့် ရန်ပုံငွေ တေးဂီတ ဖျော်ဖြေပွဲမှာ ပြည်တွင်း က ထိပ်တန်း အနုပညာရှင်တွေကလည်း လူထုကို ဖျော်ဖြေမှုတွေပြုလုပ်ခဲ့ပြီးတော့ သူတို့ကိုယ်တိုင်လည်း တပိုင်တနိုင် အလှူငွေတွေ ထည့်ဝင်ခဲ့တာကိုလည်းတွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဦးစီးတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ယက် တေးဂီတဖျော်ဖြေပွဲအတွက် အရင်က စစ်အစိုးရနဲ့ နီးစပ်ခဲ့တဲ့ ထူးကုမ္ပဏီလို ရွှေသံလွင်လို၊ အေးရှားဝေါလ်လို ကုမ္မဏီတွေကလည်း အလှူငွေတွေ ထည့်ဝင်ခဲ့ကြတာကိုလည်း တွေ့ခဲ့ရပါတယ်။ 
voa

ယနေ့ စုံစမ်းစစ်ဆေးရေးကော်မရှင် သတင်းထုတ်ပြန်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ
တော်စုံစမ်းစစ်ဆေးရေးကော်မရှင်
သတင်းထုတ်ပြန်ချက်အမှတ် (၄/၂၀၁၂)
၁၃၇၄ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက်


(၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်)

၁။စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများမှ မီးလောင်ဒဏ်ရာရရှိသည့် လူနားများအား ဆေးကုသမှု ကိစ္စရပ်များကို နိုင်ငံတော်မှ တာဝန်ယူလျက် ရှိပါသည်။

၂။စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့် အဆိုပါကိစ္စရပ်နှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ညှိနှိုင်းဆောင် ရွက် ပေးလျက်ရှိရာ သံဃာတော် ဦးတိက္ခဉာဏအား ၁၃-၁၂-၂၀၁၂ ရက်နေ့တွင်လည်းကောင်း၊ ရှင်သဇ္ဇနအား ၂၅-၁၂-၂၀၁၂ ရက်နေ့တွင်လည်းကောင်း၊ ထိုင်းနိုင်ငံတွင် ဆေးကုသမှု ခံယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေး ခဲ့ပါသည်။ အဆိုပါ သံဃာတော် (၂)ပါးသည် ဗန်ကောက်မြို့ရှိ PHRA MONGKUT HOSPITAL တွင် ဆေကုသမှု ခံယူ လျက် ရှိပါသည်။

၃။ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို အကဲဖြတ်နိုင်ရန်နှင့် လူမှုဘဝအကျိုးသက်ရောက်မှုကို အကဲဖြတ်နိုင်ရန်အတွက် မြန်မာ့ပတ်ဝန်းကျင် သိပ္ပံအား တာဝန်ပေးအပ်ခဲ့ရာ မြန်မာ့ပတ်ဝန်းကျင် သိပ္ပံသည် အောက်ပါဘာသာရပ် ကျွမ်းကျင်သူများ ပါဝင်သည့် အဖွဲ့ဖြင့် လုပ်ငန်းများကို ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါသည်-

(က) Ecology Expert (၁)ဦး

(ခ)Natural Hazard and Environmental Management (၁)ဦး

(ဂ) Project Development Analyst Expert (၁)ဦး

(ဃ) Health, Safety and Environment Consultant (၁)ဦး

(င) Environmental Engineering Consultant (၁)ဦး

(စ) Soil and Water Expert (၁)ဦး

(ဆ) Environmental Mapping Expert (၁)ဦး

(ဇ) Social Impact Assessment Expert (၂)ဦး

(ဈ) Air Quality Expert (၁)ဦး

(ည) EIA Consultant (၁)ဦး

(ဋ) Cultural Expert (၁)ဦး

၎။ အဆိုပါ ပညာရှင်ပေါင်းစုံပါဝင်သည့်အဖွဲ့သည် ကနဦး အစီရင်ခံစာကို (၂)ပတ်အတွင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်သို့ တင်ပြသွားမည် ဖြစ်ပါသည်။

အစိုးရတပ် လေကြောင်းတိုက်ခိုက်မှုများ လုပ်လာနေပြီဟုဆို


သောကြာနေ့နံနက် အစိုးရတပ်က
ထိုးစစ်ဆင်မှုတွင် တိုက်လေယာဉ်
များပင် အသုံးပြု တိုက်ခိုက် နေကြောင်း
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ပြောရေး
ဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်။


“လေယာဉ် လေးစီးနဲ့ လဂျားယန်မှာ ပစ်နေတုန်းပဲ။ မနက် ၉ နာရီ ပတ်ဝန်းကျင်
ကနေ တိုက်လေယဉ်နဲ့ ပစ်တယ်။ ခါတိုင်းတော့ စစ်ရဟတ်ယဉ်ပေါ့။ ဒီတခေါက်ကတိုက်လေယာဉ်ပါတယ်။သူတို့ပျံသန်းမှုကတော့တရုတ်ပြည်ဘက်
ဝင်ပြီးတော့ လှည့်ပတ်ပျံလာပြီး ပစ်ခတ်တာမျိုးတွေ့ မြင်ရတယ်” ဟုဦးလနန်က
တယ်လီဖုန်းမှ တစ်ဆင့် မဇ္စျိမကို ပြောသည်။

KIO ၏ ဌာနချုပ်ရှိရာ လိုင်ဇာမှ ရှစ်မိုင် ကွာဝေးသော ကချင်ရှေ့တန်းစခန်းကြီး တစ်ခုဖြစ်သော လဂျားယန်တွင် တိုက်ခိုက်နေမှုကိုအမြင့်ဘက်ကျသောလိုင်ဇာ
မြို့မှ မြင်တွေ့ေ နရသလို အသံများလည်း ကြားနေရသည်ဟု ဦးလနန်က ပြော
သည်။

KIO ၏ မဟာမိတ် တပ်တစ်ခုဖြစ်သော ကျောင်းသားတပ်မတော် (မြောက်ပိုင်း)
တာဝန်ခံ ဦးလဆိုင်းကလည်း “တိုက်ပွဲ ပြင်းနေတယ်။ လဂျားယန်မှာ အစိုးရက စစ်တိုက်လေယာဉ်တွေ၊ ဂျက်လေယဉ်နဲ့ တိုက်တာ ၉ နာရီကနေ ခုထိဘဲ။ ခုတော့ လေယာဉ်ပျံတော့ ဆုတ်သွားပြီ။ ရဟတ်ယဉ်က ပြန်လာတယ်။ ခု ခန်းကိုင်တောင်ကနေ လက်နက်ကြီးနဲ့ ပစ်နေတယ်”ဟု မဇ္စျိမကို ပြောသည်။

လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ကချင်တပ်နှင့် ကျောင်းသားတပ်အတွင်း အကျအဆုံးပတ်သက်၍ထိခိုက်ဒဏ်ရာရရှိမှုတော့ရှိတယ်လို့ နှစ်ဖွဲ့လုံးက ပြောသည်။

တချိန်ထဲတွင်ပင် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်၊ ကွတ်ခိုင်မြို့နယ်အတွင်း အစိုးရ စစ်အင်အားများ တိုးမြင့်လာကြောင်းလည်း သတင်းများ ထွက်ပေါ်နေ
သည်။

(မဇ္စျိမ)

စင်ကာပူပညာရေး ကမ္ဘာ့အဆင့် ၅ တွင်ရှိ


စင်ကာပူနိုင်ငံသည် ဖင်လန်၊ တောင်ကိုရီးယား၊
 ဟောင်ကောင်နှင့် ဂျပန်နိုင်ငံတို့ပြီးလျှင်
ကမ္ဘာ့ပညာရေးအဆင့် တွင် နံပါတ် ၅
 နေရာ၌ရှိကြောင်း သတင်းထုတ်ပြန်
ထားသည်။


စင်ကာပူနိုင်ငံတွင် သင်ကြားနေကြသည့် ပညာအရည်အသွေးနှင့် ပညာရေးကို လေးစားကျိုးနွံစွာ သင်ယူတတ် သည့် ဓလေ့ကြောင့် ထိုသို့ အာရှတွင် ဂုဏ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း Pearson Group အဖွဲ့ကထုတ်ပြန်ခဲ့ သည်။

သုတေသီများသည် နိုင်ငံပေါင်း ၅၀ ရှိ ကလေးများ၏ ပညာရေးအဆင့်ကို အကဲဖြတ်ကာ ထိုသို့ နိုင်ငံအလိုက် အဆင့်သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။ ဗြိတိန်သည် အဆင့် ၆ တွင်ရှိပြီး၊ သူ့နောက်မှ နယ်သာလန်၊ နယူးဇီလန်၊ ဆွစ်ဇာလန်၊ ကနေဒါနိုင်ငံများလိုက်သည်။ ထိုင်းနိုင်ငံ၊ မက္ကဆီကိုနှင့် ဘရာဇီးလ်နိုင်ငံများသည် အောက်ဆုံး ၄ နိုင်ငံစာရင်းတွင် ပါဝင်နေသည်။

သုတေသနအဖွဲ့၏ လေ့လာသုံးသပ်ချက်အရ စီးပွားရေးကောင်းသည့်နိုင်ငံများ၊ ဆရာအလုပ်ကို လခကောင်း ကောင်းပေးပြီး ပညာတတ်များဖြင့် လေ့ကျင့်သင်ကြားထားသူများကိုသာ ခန့်အပ်ထားနိုင်သည့်နိုင်ငံများသည် သာ ပညာရေးအဆင့်အတန်း မြင့်မားသည့် နိုင်ငံများဖြစ်နေကြောင်းတွေ့ရသည်ဟုဆိုသည်။

စင်ကာပူနိုင်ငံသည် ပညာရေးကို အလေးထားသည့်နိုင်ငံဖြစ်ရုံမက၊ ပညာရှင်များကိုပါလေးစားပြီး၊ ဆရာ ဆရာမ များအပေါ်တွင် ကျောင်းသားများ လေးစားတတ်သည့်နိုင်ငံ ဖြစ်နေခြင်းကလည်း ပညာရေးတွင် ထိပ်တန်း ရောက်လာစေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမျိုးသားပညာရေးအဖွဲ့ ဒါရိုက်တာ လီ ဆင်ကောင်းက အစိုးရအနေဖြင့် ဆရာတစ်ယောက်၏ စတင်လစာမှာ အင်ဂျင်နီယာတစ်ယောက်လစာနှင့် တစ်ပြေးတည်းဖြစ်အောင် စီစဉ်ထားကြောင်း ပြောကြားသည်။

မောက္ခပညာရေးမဂ္ဂင်းဇင်း

Wednesday, 26 December 2012

မြန်မာကျောင်းသား၊ ကျောင်းသူများကြား ရေပန်းစားသော ဘာသာရပ်ခုနစ်မျိုး


မြန်မာကျောင်းသားများ နိုင်ငံခြားတက္ကသိုလ်၊ ကောလိပ်နှင့် သင်တန်းများတွင် ဦးစားပေးရွေးချယ် သင်ယူနေသော ဘာသာရပ်များမှာ  ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင် အခွင့်အလမ်းနှင့် တိုက်ရိုက် ဆက်စပ်နေပြီး အလုပ်အကိုင် အခွင့်အလမ်း ပေါများသော ဘာသာရပ်များကို ကျောင်းသားအများစုက ရွေးချယ် သင်ယူလေ့ရှိကြသည်။ နိုင်ငံတကာတွင် သွားရောက် သင်ယူနေသော ဘာသာရပ်များနှင့် ပြည်တွင်းတွင် သင်ယူမှုနေသော ဘာသာရပ်များထဲမှ မြန်မာကျောင်းသား၊ ကျောင်းသူများကြား ရေပန်းစားနေသော ဘာသာရပ် ခုနစ်မျိုးကို ဖော်ပြလိုက်ပါသည်။

အင်ဂျင်နီယာ ဘာသာရပ်

တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများထဲမှ အမှတ်အမြင့်ဆုံး ရရှိခဲ့သူများသည် အဆင့်မြင့် နည်းပညာ တက္ကသိုလ်များတွင် အင်ဂျင်နီယာဘွဲ့သင်တန်း တက်ရောက်ခွင့် ရရှိရန် ကြိုးပမ်းခဲ့ကြသည်။ အဆင့်မြင့် နည်းပညာ တက္ကသိုလ်များ မဖွင့်လှစ်မီက အင်ဂျင်နီယာပညာ သင်ယူလိုသော ကျောင်းသားများ အနေဖြင့် အစိုးရ နည်းပညာတက္ကသိုလ်၊ ကောလိပ်များကို အားကိုးနေခဲ့ရသည်။ အင်ဂျင်နီယာပညာ သင်ယူသူများထဲတွင် မြို့ပြအင်ဂျင်နီယာ ဘာသာရပ်သည် ရေပန်းအစားဆုံး ဖြစ်နေသည်။ ပြည်တွင်းသာမက ပြည်ပ၌ သွားရောက် ပညာသင်ယူသူများတွင် အင်ဂျင်နီယာ ဘာသာရပ်သည် ကျောင်းသား၏ စိတ်ဝင်စားမှု ထိပ်တန်းနေရာ၌ ရှိနေကြောင်း နိုင်ငံတကာ ပညာရေး ဝန်ဆောင်မှု လုပ်ငန်းများမှ သိရသည်။ ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင် အခွင့်အလမ်းကောင်း ရှိနေခြင်းနှင့် ဝင်ငွေကောင်း ရရှိနိုင်ခြင်းတို့ကြောင့် အင်ဂျင်နီယာ ဘာသာရပ် သင်ယူသော ကျောင်းသား မြင့်မားနေခြင်းဖြစ်သည်။

ဆေးပညာ ဘာသာရပ်

ဆရာဝန်ဘွဲ့ ရရှိထားခြင်းက ဂုဏ်ရှိသည်ဟူသော သဘောထား အမြင်များသည် ဆေးပညာ သင်ယူသော ကျောင်းသားဦးရေကို သိသိသာသာ မြင့်မားနေစေသည်။ယခုနှစ်တွင် ပြည်တွင်းရှိ ဆေးတက္ကသိုလ်များ၏ ကျောင်းသားလက်ခံမှု ထက်ဝက်တိတိ လျှော့ချလိုက်ခြင်းသည် ဆေးပညာ သင်ယူလိုသော ကျောင်းသားများနှင့် မိမိရင်သွေးကို ဂျူတီကုတ် အဖြူရောင်ဖြင့် မြင်တွေ့လိုသော မိဘများကို ဆိုးရွားစွာ ထိခိုက်စေခဲ့သည်။ အကျိုးဆက် အနေဖြင့် ငွေကြေးတတ်နိုင်သော မိဘအချို့က မိမိရင်သွေးကို ပြည်ပသို့စေလွှတ်၍ ဆေးပညာသင်ယူစေရန် စိတ်ဝင်စား စုံစမ်းမှု မြင့်တက်လာခြင်း ဖြစ်သည်။ မြန်မာကျောင်းသားများကြား ရေပန်းစားနေဆဲဖြစ်သော ဆေးပညာဘွဲ့သည် ဂုဏ်ရှိစေသော်လည်း ကျောင်းပြီးချိန်တွင် အလုပ်အကိုင် အခွင့်အလမ်းအတွက် စိန်ခေါ်မှု ပြင်းထန်သော အခြေအနေ ရှိနေသည်။ ပြည်ပအလုပ်အကိုင် အခွင့်အလမ်းအတွက် အရည်အချင်း လိုအပ်ချက် မြင့်မားနေသလို ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းအတွက်လည်း ဆေးပညာဘွဲ့ရ အရေအတွက်နှင့် အလုပ်အကိုင် ရရှိနိုင်မှု ကွာဟချက် ကြီးမားနေသည်။ မည်သို့ဆိုစေ ဆေးပညာ ဘာသာရပ်သည် မြန်မာကျောင်းသားများအတွက် စိတ်ဝင်စားမှု ဦးစားပေးနေရာတွင် ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။

ကွန်ပျူတာ ဘာသာရပ်

အိုင်စီတီခေတ်ကြီးတွင် ကွန်ပျူတာဘာသာရပ်သည် မြန်မာကျောင်းသားများ၏ ဦးစားပေး လေ့လာသင်ယူစရာ ဘာသာရပ်အဖြစ် အလျင်အမြန် ရောက်ရှိလာသည်။ နိုင်ငံတကာ အိုင်စီတီ စီးပွားရေး အဆောက်အအုံ ကြီးထွားလာမှုနှင့်အတူ ပြည်တွင်း အိုင်စီတီ လုပ်ငန်းများလည်း ဖွံ့ဖြိုးလာရာ ကွန်ပျူတာ သင်တန်းကျောင်းများတွင် ပညာသင်ယူသော ကျောင်းသားဦးရေ သိသိသာသာ မြင့်တက်လာခဲ့သည်။ ပြည်တွင်းရှိ ပုဂ္ဂလိက သင်တန်းကျောင်းများတွင် ကွန်ပျူတာ သင်တန်းကျောင်းများက အင်အားအကြီးမားဆုံး ဖြစ်နေပြီး နိုင်ငံတကာ အသိအမှတ်ပြု ဘွဲ့များကိုပင် ရရှိနိုင်ပြီ ဖြစ်သည်။အမေရိကန်နိုင်ငံ အပါအဝင် ပြည်ပနိုင်ငံများ၌ သွားရောက် ပညာသင်ယူသူများတွင် ကွန်ပျူတာ ဘာသာရပ်သည် ထိပ်တန်းနေရာတွင် ရှိနေကြောင်း နိုင်ငံတကာ ပညာရေး အကြံပေးများက ဆိုသည်။

စီးပွားရေး စီမံခန့်ခွဲမှု ဘာသာရပ်

ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်မည့်သူများ၊ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီကြီးများ၏ ရာထူးနေရာကြီးကြီးတွင် ဝင်ရောက် လုပ်ကိုင်လိုသူများနှင့် လုပ်ငန်းခွင် အရည်အသွေး မြှင့်တင်ရန် ရည်ရွယ်သူများအတွက် စီးပွားရေး စီမံခန့်ခွဲမှု ဘာသာရပ်က လူကြိုက်များလာသည်။ စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့် အတူ စီမံခန့်ခွဲမှု ပညာရပ်က ခေါင်းဆောင်မှု နေရာ ယူထားသူများအတွက် မရှိမဖြစ် လိုအပ်သော အရည်အချင်း ဖြစ်လာနေသည်။ အစိုးရ စီးပွားရေး တက္ကသိုလ်၊ ကောလိပ်များတွင် စီးပွားရေး စီမံခန့်ခွဲမှု ဘာသာရပ်သည် ဦးစားပေးနေရာ ရောက်လာသလို ပုဂ္ဂလိက စီးပွားရေး သင်တန်းကျောင်းများတွင်လည်း သင်တန်းသားဦးရေ တိုးပွားလာနေသည်။ ထို့ပြင် စင်ကာပူ၊ မလေးရှား၊ ဗြိတိန်နိုင်ငံတို့သည် မြန်မာကျောင်းသားများ စီးပွားရေး စီမံခန့်ခွဲမှု ဘာသာရပ် သွားရောက် သင်ယူနေသော နေရာများ ဖြစ်လာသည်။ လက်ရှိနိုင်ငံ၏ စီးပွားရေး အပြောင်းအလဲ မူဝါဒနှင့်အတူ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းများ ဝင်ရောက်လာဖွယ် ရှိနေသလို ပြည်တွင်းစီးပွားရေး လုပ်ငန်းများ၏ ဖွဲ့စည်းလုပ်ကိုင်မှုပုံစံ ပြောင်းလဲလာနိုင်ခြေက စီးပွားရေးစီမံခန့်ခွဲမှု ပညာ သင်ယူထားသူတို့အတွက် အခွင့်အလမ်းများ ဖြစ်လာနိုင်သလို အဆိုပါ ဘာသာရပ် သင်ယူရန် စိတ်ဝင်စားသူဦးရေ ဆက်လက် မြင့်တက်ဖွယ် ရှိနေသည်။

စာရင်းကိုင် ဘာသာရပ်

စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းတိုင်းတွင် ဝင်ရောက် လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းကြောင့် မြန်မာမိန်းကလေး အများစု လေ့လာသင်ယူသော ဘာသာရပ် ဖြစ်သည်။ ယူကေအသိအမှတ်ပြု စာရင်းကိုင် ဘာသာရပ်ဆိုင်ရာ LCCI စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ အရေအတွက်သည် နှစ်စဉ်မြင့်တက်နေပြီး ၂၀၁၁ ခုနှစ်အတွင်း ဝင်ရောက်ဖြေသူ တစ်သောင်းနှစ်ထောင်ကျော် ရှိခဲ့သည်။ စီးပွားရေး လုပ်ငန်းများ၏ ငွေစာရင်းဌာနတွင် ဝင်ရောက်လုပ်ကိုင်ရန် ရည်ရွယ်ချက်ဖြင့် စာရင်းကိုင်ပညာ သင်ယူသော အရွယ်စုံ မိန်းကလေးများကို စာရင်းကိုင် သင်တန်းကျောင်းများတွင် ပြည့်နှက်နေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။

ဟိုတယ်ဝန်ဆောင်မှု ဘာသာရပ်

ကြော်ငြာအား ကောင်းကောင်းဖြင့် သင်တန်းခြောက်လ၊အလုပ်သင် ခြောက်လဆိုကာ စင်ကာပူနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်း မျှော်လင့်၍ ဟိုတယ်ဝန်ဆောင်မှု သင်တန်းများကို တစ်ချိန်က အပြိုင်အဆိုင် တက်ခဲ့ကြဖူးသည်။ ယခုလည်း ဒူဘိုင်း၊ ယူအေအီး စသည့် အရှေ့အလယ်ပိုင်း ဒေသမှ ဟိုတယ်ဝန်ထမ်း လိုအပ်ချက်ကြောင့် ဟိုတယ်ဝန်ဆောင်မှု ဘာသာရပ်ကို သင်ယူပြီး အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေကြသည်။ ပြည်တွင်း၌ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာနိုင်မှုကြောင့် ဟိုတယ်ဝန်ဆောင်မှု သင်တန်းများကို တက်ရောက်နေကြသည်။ ကိုယ်ပိုင်စားသောက်ဆိုင်နှင့် ဟိုတယ်လုပ်ငန်း တည်ထောင်လိုသူများ ဟိုတယ် ဝန်ဆောင်မှု သင်တန်းများကို တက်ရောက်ကြသည်။

သူနာပြုနှင့် ဆေးဝါးကျွမ်းကျင်မှု ဘာသာရပ်

အလုပ်အကိုင် အခွင့်အလမ်း ပေါများမှုကြောင့် နယ်က တက်လာသူများ ရွေးချယ် သင်ယူကြသော ဘာသာရပ်မှာ သူနာပြုနှင့် ဆေးဝါးကျွမ်းကျင်မှု ဘာသာရပ်တို့ဖြစ်သည်။ ဆေးဆိုင်ဖွင့်လှစ်ရန် ကြံရွယ်နေသူများ၊ ဆေးကုမ္ပဏီများတွင် ဝင်ရောက် လုပ်ကိုင်လိုသူများအတွက် ဆေးဝါးကျွမ်းကျင်မှု သင်တန်းရှိနေသည်။ ပုဂ္ဂလိက ဆေးရုံများနှင့် အိမ်တိုင်ရာရောက် ပြုစုခြင်းတို့အတွက် သူနာပြုသင်တန်း ရှိနေသည်။ အလုပ်အကိုင် ရရှိမှု လွယ်ကူခြင်းနှင့် ပညာအရည်အချင်း ကန့်သတ်မှု ရှိမနေခြင်းသည် သင်တန်းသားဦးရေကို တိုးပွားစေလျက် ရှိသည်။ ကမာရွတ်၊ လှည်းတန်းနှင့် မြေနီကုန်း ဝန်းကျင်သည် သူနာပြုနှင့် ဆေးဝါးကျွမ်းကျင် သင်တန်းတက်ရောက်ရန် နယ်မှ တက်လာသူတို့အတွက် အဓိကအားထားရာ ဖြစ်လာနေသည်။ မြန်မာကျောင်းသားများကြား ပေါ်ပြူလာဖြစ်နေသော ဘာသာရပ်များသည် အလုပ်အကိုင် အခွင့်အလမ်း ဖြစ်တည်မှုကို အခြေတည်နေသည်။ ကျောင်းသားများ ဘာသာရပ် ရွေးချယ်ရာတွင်လည်း ဝါသနာ အခြေခံ ဆုံးဖြတ်ခြင်းထက် ပတ်ဝန်းကျင် စေ့ဆော်မှုကို အခြေခံနေသည်။ လက်ရှိအချိန်တွင် မြန်မာကျောင်းသားများ၏ ဘာသာရပ် ရွေးချယ်မှုသည် ပြည်ပအလုပ်အကိုင် အခွင့်အလမ်း ဖြစ်တည်မှုထက် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ရရှိနိုင်မှုကို ဦးတည်လာနေကြောင်း ပညာရေး ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
news.yatanarpon.com.mm

ဒီလိုနည်းနဲ့ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်လို့ ရမတဲ့လား

kachin ref
ဗမာပြည်ရဲ့ရာစုနှစ်တ၀က်ကျော်ကြာ ပြည်တွင်းစစ်ကြီး စတင်ဖြစ်ပေါ်ခဲ့တာမှာ ဗမာပြည်စစ်အုပ်စုအဆက်ဆက်ရဲ့ ရှေးဦး လမ်းဖောက်သူလို့ ပြောရမယ့် စစ်တပ်အတွင်းက ဗိုလ်နေ၀င်း၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးစသူတွေရဲ့ ဆိုရှယ်လစ် အုပ်စုဟာ အရေးကြီးတဲ့အခန်းက ပါဝင်ခဲ့ပါတယ်။ နောက်ပြီး ဖဆပလ-ပထစအစိုးရတွေရဲ့ လက်ထက် တလျှောက်လုံး မှာလည်း သူတို့ဟာ ပြည်တွင်းစစ်ရပ်စဲရေးကို အပြင်းအထန်ဆန့်ကျင်ပြီး အပြုတ်တိုက်ရေး ကြွေးကြော်သံကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ခဲ့ကြပါတယ်။
ဗမာပြည်မှာပထမဆုံးငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာက ၁၉၆၂မှာ အာဏာသိမ်းခဲ့တဲ့ ဗိုလ်နေ၀င်းက ၁၉၆၃ ခုနှစ်မှာ ခေါ် ဆိုခဲ့တဲ့ဆွေးနွေးပွဲ ဖြစ်ပါတယ်၊ အဲဒီတုန်းက တော်လှန်ရေးကောင်စီအစိုးရက ဒီဆွေးနွေးပွဲကိုခေါ်ရတာရဲ့နောက်ခံက
(၁) ၁၉၆၂ခုနှစ် အာဏာသိမ်းပွဲဟာ ပြည်သူလူထုက တဘက်စောင်းနင်း ၀ှဲချီးမဲပေးခဲ့တဲ့ ဦးနုရဲ့ပထစအစိုးရလက်ထဲက အာဏာသိမ်းတာမို့ တပြည်လုံးကမခံမရပ်နိုင်ဖြစ်နေချိန် ဖြစ်တယ်။
(၂) ၇ရက်ဇူလိုင်ကျောင်းသားသတ်ပွဲလို၊ ရနိကုန် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဆောက်အဦကြီးဖြိုချတာလို လူ ထုဆန့်ကျင်ရေးလုပ်ငန်းတွေကြောင့် စစ်အစိုးရဟာ ပြည်တွင်းပြည်ပမှာ အကြီးအကျယ်နာမည်ပျက်ပြီး အထီးကျန်ဖြစ် နေရတယ်။
(၃) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုတဲ့ အသစ်အဆန်းတခုကိုလည်းပွဲထုတ်တော့မှာမို့ အားလုံးကအထင်ကြီးမယ့်၊ အာရုံ ဆွဲဆောင်နိုင်တဲ့ စတန့်လုပ်ရပ်တခုလုပ်ပြဖို့ လိုနေပါတယ်။ ဒါကြောင့် ၁၉၆၃ ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲဆို တာကို ခေါ်ဆိုလိုက်တာပါ။
အဲဒီဆွေး နွေးပွဲတွေပြီးသွားတဲ့အခါကျတော့ စစ်အစိုးရအနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတခုက ခေါင်းဆောင်၂ ဦးကို ရာထူးပေး၊ အခွင့်အရေးပေးပြီးဝယ်ယူလိုက်နိုင်တာပဲ အဖတ်တင်ကျန်ရစ်ပါတယ်။ ကျန်လက်နက်ကိုင် အဖွဲ့အစည်းတွေ အပေါ်တော့ ကြီးမားတဲ့ထိုးစစ်ကြီးတွေ ဆက်တိုက်ဆင်နွှဲခဲ့ပါတယ်။
ဒုတိယတကြိမ်က ၁၉၈၀-၈၁ တုန်းက ဗကပ၊ ကေအိုင်အိုတို့နဲ့ တိုးတိုးတိတ်တိတ် ခေါ်ဆိုကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးဆွေး နွေးပွဲဆိုတာတွေပါ။ အဲဒါကလည်း ဗိုလ်နေ၀င်းတို့ကဆန္ဒရှိလို့ လက်ဦးမှုယူခေါ်ခဲ့တာ မဟုတ်ပါဘူး။ တရုတ်က သူ့တိုင်း ပြည်စီးပွားရေးတွန်းတင်ဖို့အတွက် ဗမာပြည်နဲ့နယ်စပ်တလျှောက်မှာ စစ်တိုက်တာတွေ ရပ်စဲစေချင်လို့ တိုက်တွန်းတာနဲ့ တရုတ်ခေါင်းဆောင်တွေကျေနပ်အောင် ဗိုလ်နေ၀င်းက ဟန်ဆောင်ဆွေးနွေးပွဲခေါ်ခဲ့တာပါ။ ဗကပနဲ့ ကေအိုင်အိုတို့က တော့ သူတို့အနေနဲ့ ငြိမ်းချမ်းရေးကို တကယ်လိုလားကြောင်းဖော်ပြချင်တာနဲ့ သွားဆွေးနွေးကြပါတယ်။ ဒါပေမဲ့ မဆလ အစိုးရဟာ ဗကပနဲ့ဆွေးနွေးပွဲကို တမနက်ပဲဆွေးနွေးပြီး ဘာအကြောင်းပြချက်မှ မယ်မယ်ရရမပြဘဲ ဖျက်ပစ်ခဲ့ပါတယ်။ ကေအိုင်အိုနဲ့ဆွေးနွေးတာကိုတော့ ရုပ်ပြကောင်းအောင်အချိန်ဆွဲထားပြီး နောက်ဆုံးကျတော့လည်း ဘာအသီးအပွင့်မှ မတွေ့ကြရဘဲ စစ်ပြန်ဖြစ်ခဲ့တာ ဒီနေ့အထိပါပဲ။
တတိယအကြိမ်ကတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးပြီးလို့ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲလုပ်တော့မယ့် အချိန် တ၀ိုက်မှာ ပါ။ အားလုံးသိကြတဲ့အတိုင်းပါပဲ အဲဒီအချိန်လောက် စစ်အစိုးရအထီးကျန်ဖြစ်တာ ဘယ်တုန်းကမှမရှိပါဘူး။ သူတို့မှာ အင်အားကြီးလှတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်သူလူထုကြီး ကိုရင်ဆိုင်နေရပါတယ်။ သူတို့အနေနဲ့ စစ်မျက်နှာ တွေအများကြီးမဖွင့်နိုင်ပါဘူး။ အဲဒီတုန်းက သူတို့ရဲ့စစ်အင်အားဟာ အဓိကအားဖြင့် ဆန္ဒပြလူထုကိုဖြိုခွဲဖို့ အရံတပ်အဖြစ် ထားရှိရပါတယ်။ ဒီလိုအခါမှာ န၀တအစိုးရဟာ “အပစ်ရပ်” လှုပ်ရှားမှုကို အကောင်အထည်ဖော်ခဲ့ရပါတယ်။ နောက်ပြီး အဲဒီတုန်းက တိုင်းရင်းသားတပ်တွေက လမ်းခွဲလိုက်တဲ့ ဗကပကို ခြေကုပ်အသစ်မရအောင်လုပ်ဖို့ကလည်း အထူးလိုအပ် နေပါတယ်။ ဒီလိုနဲ့ အနှစ်နှစ်ဆယ်နီးပါးကြာတဲ့ စစ်လည်းမဖြစ်၊ ငြိမ်းချမ်းရေးလည်းမဟုတ်ဆိုတဲ့အနေ အထားတခုကို တိုင်းပြည်ရဲ့ သယံဇာတတွေအဆုံးအရှုံးခံပြီး တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက ဗိုလ်ခင်ညွန့်ကို အကူအညီအ ထောက်အကူတွေ အများကြီးပေးခဲ့တဲ့ ဘိန်းဘုရင်လော်စစ်ဟန်နဲ့ သူ့သားကို စစ်အုပ်စုက သူတို့ပိုင် မူးယစ်ဆေးဝါးကရ တဲ့ ငွေစက္ကူတွေခ၀ါချဖို့အတွက် တခြားလုပ်ငန်းအမျိုးမျိုး လုပ်ကိုင်ခွင့်ပေးတာအပြင် မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းအ တွက် စားပေါက်တွေဖန်တီးဆုချခဲ့ပါတယ်။
အခု အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးသိန်းစိန်ရဲ့လက်ထက်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်ခေတ်ထလာပါတယ်။ ဒီတခါ ဟာလည်း သူတို့ရဲ့“အပြောင်းအလဲ” ဇာတ်လမ်းသစ်အတွက် ရုပ်ပြကောင်းဖို့လိုအပ်နေချိန် ဖြစ်ပါတယ်။ အထူးသဖြင့် အမေရိကန်အပါ အနောက်နိုင်ငံတွေရဲ့ အသိအမှတ်ပြုဆက်ဆံမှုကို အရမ်းလိုချင်နေချိန် ဖြစ်ပါတယ်။ ပြည်တွင်းစစ်ကို အနှစ် ၆၀ ကျော် တိုက်လာတဲ့ စစ်တပ်အနေနဲ့ ဒီစစ်ကိုနိုင်အောင်တိုက်လို့မရဘူးလို့ သဘောပေါက်လာတာကလည်း တကြောင်းဖြစ်နိုင်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့ စစ်အစိုးရအဆက်ဆက်ရဲ့ “ငြိမ်းချမ်းရေး” ခေါ်ဆိုတယ်ဆိုတာတွေကို ပြန်ကြည့်လိုက်ရင် စစ်အ စိုးရတွေဟာ သူတို့ရဲ့နိုင်ငံရေးအကြပ်အတည်းကိုကျော်လွှားဖို့၊ ဒါမှမဟုတ် ပြည်ပအင်အားကြီးတွေကို မျက်နှာချိုသွေးဖို့၊ မီဒီယာအမြတ်ထုတ်ဖို့ ”ငြိမ်းချမ်းရေးဆွေးနွေးပွဲ” ဇာတ်ခင်းလေ့ရှိတယ်ဆိုတာကို တွေ့ရမှာပါ။ တနည်းပြောရရင် ဒီကွေ့ မျိုးကို ဒီတက်နဲ့မှ ကျော်လို့ရတယ်ဆိုတာ စစ်ဗိုလ်ချုပ်တွေကောင်းကောင်းသိနေပါပြီ။ ဗိုလ်နေ၀င်း လက်ထက်ကစလို့ ပြည်တွင်းစစ်ကို တမင်မွေးထားတဲ့စစ်အုပ်စုဟာ နောင်မှာလည်း ဒီလို “ငြိမ်းချမ်းရေးဆွေးနွေးပွဲ” ဇာတ်လမ်းတွေ လိုအပ် ရင် လိုအပ်သလို ခင်းနေဦးမယ်ဆိုတာ သေချာပါတယ်။
ဒီနေ့ကာလမှာ ပြည်တွင်းစစ်ကိုဖြစ်ပေါ်စေတဲ့၊ ပြည်တွင်းငြိမ်းချမ်းရေးကိုပျက်ပြားစေတဲ့ အရာတွေဟာ ကြံ့ဖွတ်အစိုးရရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မတရားသင်းဥပဒေ၊ ပုဒ်မ (၅) တို့လို ဥပဒေတွေထဲမှာ တည်ရှိနေပါတယ်။ အဲဒီ ဥပဒေတွေကိုမဖျက်သိမ်းဘဲ ငြိမ်းချမ်းရေးတည်ဆောက်တယ်ဆိုတာဟာ ရေပေါ်မှာသဲပုံစေတီတည်သလိုသာ ဖြစ်ပါလိမ့် မယ်။
ကြံ့ဖွတ်အစိုးရဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုခေါ်ဆိုရာမှာ တကယ်တမ်းသာ ရိုးသားတယ်ဆိုရင် တဘက်အင်အား စုတွေကို ဖြိုခွဲဖို့၊ ဥစ္စာဓနအခွင့်အရေးနဲ့ ဆွဲဆောင်တာ မဖြစ်ဖို့လိုပါတယ်။ စစ်အစိုးရတွေနဲ့ “ဆွေးနွေး” လို့ အဖွဲ့အစည်း တွေအတွင်း ကွဲတယ်ပြဲတယ်ဆိုတာဟာ ၁၉၆၃-၆၄ခုနှစ်တွေကတည်းက တွေ့ခဲ့ရပြီးပါပြီ။ အခုအခါမှာလည်း တဖွဲ့ချင်း၊ တစုချင်း၊ တဦးချင်း ပဲ့ထွက်၊ ကွဲထွက်တာတွေ မမြင်ချင့်အဆုံး တွေ့နေရပါတယ်။
ဗိုလ်နေ၀င်းရဲ့ ၁၉၆၃ ခုနှစ် ဆွေးနွေးပွဲတုန်းက ဗိုလ်နေ၀င်းဟာ “လက်နက်ကိုင်တိုက်ခိုက်နေကြသော တောတွင်းအဖွဲ့ အစည်းအားလုံးသို့” လို့ လိပ်မူပြီး တိုင်းပြည်တနံတလျားကို ဆွေးနွေးပွဲဖိတ်ခေါ်ကြောင်း အတိအလင်းကြေညာခဲ့ပါတယ်။ ဒါနဲ့ပြောင်းပြန် ကြံ့ဖွတ်အစိုးရကတော့ “ကြားခံ” လူတွေကတဆင့် ခိုးကြောင်ခိုးဝှက်လုပ်၊ အခြေအနေတခုရောက်ရင် လူ သိရှင်ကြားကြေညာ ဆိုတာမျိုးတွေလုပ်နေပါတယ်။
အဲဒီအခါတုန်းက နှစ်ဘက်သဘောတူညီချက်တွေမရှိပေမဲ့ နှစ်ဘက်ဟာစစ်ရပ်ထားသလို ပြုမူကြပါတယ်။ ဒီနေ့ ကြံ့ဖွတ် အစိုးရကတော့ ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်ထဲမှာ ထိုးစစ်အကြီးအသေးတွေကို ရပ်ထားခြင်းမရှိတဲ့အပြင် ဒီလို စစ် တိုက်ပြီး ဆွေးနွေးပွဲတွေမှာ ဖိအားပေးတာတွေတောင်လုပ်နေပါတယ်။
၁၉၆၃ ခုနှစ်တုန်းက ရန်ကုန်မှာ (၇) ခရိုင်ပြည်တွင်းငြိမ်းချမ်းရေး ဆန္ဒပြပွဲကြီး၊ မန္တလေးမှာ (၅) ခရိုင် ငြိမ်းချမ်းရေးဆန္ဒ ပြပွဲကြီးတွေကို လူတွေသိန်းချီတက်တာရှိခဲ့ပါတယ်။ ဒါတွေကို ဗိုလ်နေ၀င်းက “ငြိမ်းချမ်းရေးဆွေးနွေးပွဲ” တွေ မဖျက်သိမ်း မချင်း ခွင့်ပြုထားပါတယ်။ (ဆွေးနွေးပွဲတွေပြီတော့မှ အားလုံးကို ၀ါးလုံးသိမ်းလိုက်ဖမ်းပါတယ်) ဒါနဲ့မတူ့ အငြိမ်းစား ဗိုလ် ချုပ်ကြီး ဦးသိန်းစိန်ကတော့ “ငြိမ်းချမ်းရေးဆွေးနွေးပွဲ” တွေလုပ်နေတယ် ဆိုတဲ့ကာလအတွင်းမှာပဲ ညမှာအိပ်နေတဲ့ သံ ဃာတော်တွေ (သူတို့ထက်ငြိမ်းချမ်းစွာဆန္ဒပြတာမရှိ) ကို မီးလောင်တိုက်သွင်းတာ၊ အနယ်နယ်အရပ်ရပ်က သပိတ် သမားတွေကို ဖမ်းဆီးနှိပ်စက်တာတွေလုပ်နေပါတယ်။
ဗိုလ်နေ၀င်းကစလို့ ဗိုလ်သိန်းစိန်အထိ စစ်အစိုးရအဆက်ဆက်လုပ်ခဲ့တဲ့ “ငြိမ်းချမ်းရေးဆွေးနွေးပွဲ” ဆိုတာတွေမှာ ထူး ထူးခြားခြား တူညီချက်နှစ်ချက်ကတော့ ဒီဆွေးနွေးပွဲတွေထဲမှာ ထောက်လှမ်းရေးကအဓိက ပါဝင်နေတာနဲ့ အစိုးရဟာ လူထုကိုလှုံ့ဆော်ကျင်းပတာမျိုး မလုပ်တာပါပဲ။ တကယ်တော့ ပြည်တွင်းငြိမ်းချမ်းရေးကို တကယ်အလိုလားဆုံးသူဟာ ပြည်သူလူထုတွေပါ။ တကယ်တမ်း ငြိမ်းချမ်းရေးတည်ဆောက်မယ်ဆိုရင် သူတို့တတွေ အင်မတန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ရုံမက တက်တက်ကြွကြွ ပါဝင်ကြမှာပါ။ ဒါပေမဲ့ စစ်အစိုးရတွေကတော့ အဲဒါနဲ့ပြောင်းပြန် လူထုကိုခြောက်လှန့်တာ တွေတောင် လုပ်ထားကြပါတယ်။
၁၉၆၃ ခုနှစ် “ငြိမ်းချမ်းရေးဆွေးနွေးပွဲ” ဆိုတာနဲ့ အမ်အိုင်တင်ဦး၊ ၁၉၉၀ ခုနှစ် တ၀ိုက်က “အပစ်ရပ်ဆွေးနွေးပွဲ” တွေနဲ့ ဗိုလ်ခင်ညွန့်၊ ဒီနေ့လုပ်နေတဲ့”ငြိမ်းချမ်းရေးဆွေးနွေးပွဲ”တွေနဲ့ဗိုလ်အောင်မင်း (ဗိုလ်အောင်မင်းဟာ တပိုင်းက ထောက် လှမ်းရေးအလုပ်ကို လုပ်နေတယ်ဆိုတာ လူတိုင်းသိကြပါတယ်)၊ ခွဲမရနိုင်တဲ့ လက်သည်တွေလို့ပြောနိုင်ပါတယ်။ ဒါဟာ စစ်အစိုးရဘက်က ရိုးသားမှုမရှိတာကိုဖော်ပြနေတာလို့ ပြောရင် မမှားပါဘူး။
ဗိုလ်ချုပ်ကြီးဟောင်း သန်းစိန်တို့အနေနဲ့ တကယ်တမ်းငြိမ်းချမ်းရေး ဖော်ဆောင်ချင်တယ်ဆိုရင်
(၁) တနိုင်ငံလုံးကို ကြေညာပြီးအဖွဲ့အစည်းအားလုံးနဲ့ တတန်းတည်းဆက်ဆံလုပ်ကိုင်ပါ။
(၂) ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရာမှာ ပြည်သူလူထုကို လွတ်လွတ်လပ်လပ် တက်တက်ကြွကြွ ပါဝင်ခွင့်ပြုပါ။ (၃) ပြည်တွင်းငြိမ်းချမ်းရေးကို အတားအဆီဖြစ်နေတဲ့၊ ပြည်တွင်းစစ် ဆက်လက်တည်ရှိရေးအတွက် အကျိုးပြုနေတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအပါ မတရားတဲ့၊ နိုင်ငံရေးလက္ခဏာဆောင်တဲ့ အမိန့်ဥပဒေတွေကို ဖျက်သိမ်းပစ်ပါ။ (၄) ကိုယ့်နိုင်ငံရေး၊ ဒါမှမဟုတ် စီးပွားရေး၊ ဒါမှမဟုတ် သံတမာန်ရေးအကြပ်အတည်းတွေကို ကျော်လွှားနိုင်ရုံ တနပ်စား ဖြေရှင်းနည်းတွေနဲ့ မဖြေရှင်းပါနဲ့။
ရဲဘော်ဖိုးသံချောင်း
www.naytthit.net

ရခိုင်ပါတီ ပြက္ခဒိန်ထုတ်ဝေမှု ခေါ်ယူသတိပေးခံရ

ပြီးခဲ့တဲ့ မေလအတွင်းက  သေဆုံးသွားခဲ့တဲ့  ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာသူ မသီတာထွေးရဲ့ ရုပ်ပုံနဲ့ ပြက္ခဒိန်ထုတ်ဝေခဲ့တာနဲ့ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက တာဝန်ရှိသူတွေကို ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေး ကော်မရှင်က ခေါ်ယူသတိပေးခဲ့ပါတယ်။
ရခိုင်အမျိုးသမီးငယ် မသီတာထွေးရဲ့ ဓာတ်ပုံနဲ့ ၂၀၁၃ ပြက္ခဒိန်ထုတ်ဝေမှု အပါအ၀င် ပါတီထုတ် သတင်းလွှာပါ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၂၄ ရက်နေ့ မနက်ပိုင်းက ခေါ်ယူတွေ့ဆုံခဲ့တယ်လို့ ပါတီအလုပ်အမှုဆောင် ဒေါ်အေးနုစိန်က ပြောပါတယ်။
“တည်ငြိမ်အောင်လုပ်နေရတဲ့ အနေအထားမှာ ဒီပြက္ခဒိန်ထုတ်လိုက်ရင် လှုံ့ဆော်ရာရောက်တဲ့ အနေအထားတွေရှိတယ်လို့ ယူဆလို့ ခေါ်ယူတွေ့ဆုံရတယ်လို့ ပြောတယ်။ ကျမတို့ကလှုံ့ဆော်တဲ့ အနေအထား သဘောမျိုးမဟုတ်ဘဲ မသီတာထွေး ကုသိုလ်ဖြစ်ဖို့ ကျောင်းဆောင်ဆောက်ဖို့ ရန်ပုံငွေ၊ အလှူငွေတွေ ရရှိအောင် မိသားစုရဲ့ သဘောတူညီချက်နဲ့ ထုတ်ဝေတဲ့ ပြက္ခဒိန်ဖြစ်တယ်ဆိုတာကို ရှင်းလင်းတင်ပြခဲ့တယ်။”
စက်ချုပ်အလုပ်သမ မသီတာထွေးဟာ အလုပ်ကနေအပြန် လမ်းမှာသေဆုံးခဲ့ရတာဖြစ်ပြီး အစိုးရဘက်က မတရားပြုကျင့်သတ်ဖြတ်ခံရတယ်လို့ ထုတ်ပြန်ခဲ့သလို တရားခံတွေကိုလည်း ပြစ်ဒဏ်စီရင်ခဲ့ပါတယ်။
မသီတာထွေး သေဆုံးမှုကို အကြောင်းပြုပြီး ရခိုင်ပြည်နယ်ထဲက မြို့နယ်တချို့မှာ အကြမ်းဖက်သတ်ဖြတ်မှုတွေ၊ မီးရှို့မှုတွေ ဖြစ်ခဲ့ပါတယ်။
ပြက္ခဒိန်မှာ မသီတာထွေးရဲ့ အလှဓာတ်ပုံ၊ မိသားစုဓာတ်ပုံ၊ သီလရှင်ဝတ်ပုံတွေသာ ပါဝင်ပြီး စာနယ်ဇင်းခွင့်ပြုချက်နဲ့ ဖြန့်ဝေခဲ့တာဖြစ်သလို ဆူပူအောင် လှုံ့ဆော်တာမဟုတ်ကြောင်း ရှင်းပြခဲ့တယ်လို့ ဒေါ်အေးနုစိန်က ပြောပါတယ်။
ဒါ့အပြင် ပါတီထုတ် သတင်းလွှာပါဆောင်းပါးမှာ အစ္စလမ်ဘာသာဝင်တွေကို ထိခိုက်တဲ့ အသုံးအနှုန်းတွေပါတယ်လို့ တိုင်ကြားချက်နဲ့ပတ်သက်ပြီး အနှစ်သာရအရ ဘင်္ဂါလီတွေကို တိုက်ခိုက်တာမဟုတ်ဘဲ သူတို့မှာ စီးပွားရေး၊ ဘာသာရေး အခွင့်အရေး လွတ်လပ်နေရုံမက တခြားအခွင့်အရေးတွေ ထပ်တောင်းတာကို ရေးထားတာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်လို့ ဆိုပါတယ်။
မနှစ် ဒီဇင်ဘာလတုန်းက  ရခိုင်ပြည် အချုပ်အခြာအာဏာကျဆုံးတဲ့နေ့ အခမ်းအနားကို ပါတီအဆောက်အဦမှာ ကျင်းပခဲ့တာဟာ တို့တာဝန်အရေးသုံးပါးနဲ့ ဆီလျော်သလို  သမိုင်းသင်ခန်းစာနဲ့ တိုင်းရင်းသားလူမျိုးအချင်းချင်း စည်းလုံးညီညွတ်ရေးတည်ဆောက်ဖို့ ရည်ရွယ်ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ရှင်းပြခဲ့တယ်လို့ ဒေါ်အေးနုစိန်က ဆိုပါတယ်။
နေပြည်တော်က ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ပြည်ထောင်စုကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနဲ့ ကော်မရှင်အဖွဲ့ဝင် ၅ ဦးက ခေါ်ယူမေးမြန်းခဲ့တာဖြစ်ပြီး ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီဘက်က ဥက္ကဋ္ဌ  ဒေါက်တာအေးမောင်၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ဦးမြင့်နိုင်၊ ဗဟိုကော်မတီဝင် ဒေါ်အေးနုစိန်၊ ဦးဘရှိန်၊ ဦးမြင့်နိုင်တို့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
ဒါ့အပြင် အခြားရခိုင်ပါတီ ၂ ခုဖြစ်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရခိုင်ပြည်နယ် အမျိုးသားအင်အားစု ပါတီတို့ကိုလည်း သက်သေအဖြစ် ခေါ်ခဲ့တယ်လို့ ဆိုပါတယ်။ 

http://burmese.dvb.no/archives/34739

ဒီ ၂၆ ရက်နေ့ KIA နှင့် အစိုးရ တိုက်ပွဲအခြေအနေများ

ကချင်ပြည်နယ် ဗန်မော်ခရိုင် ဒေါ့ဖုန်းယန်မြို့နယ် ခန်းကိုင်တောင် ပေါ်ရှိ အစိုးရ၏ အမြောက်တပ်ဖွဲ့တို့သည် ကေအိုင်အေ တပ်မဟာ (၅) လက်အောက်ခံ ဘွမ်ဆောမ်တပ်စခန်း၊ မန်တဲ တပ်စခန်းနှင့် လဂျားယန်တပ်စခန်းဘက်သို့ လက်နက်ကြီး များဖြင့် ပစ်ခတ်လျှက် ရှိကြောင်း ကေအိုင်အေ စစ်ရုံးချုပ်မှ အရာရှိတဦးက ယနေ့ ညနေပိုင်းတွင် ပြောကြားခဲ့ပါသည်။
“မနေ့က ည ၉ နာရီအထိ လက်နက်ကြီးနဲ့ လဂျားယန်ကို ပစ်ခတ်သွားတယ်။ ဒီနေ့မနက် (၄) နာရီတုန်းကလည်း နေ့လည် အထိ အကြိမ် ၃၀ လောက် ၁၀၅ မမ၊ ၁၂၀ မမ နဲ့ ပစ်လိုက်ပြန်တယ်။ ကျည်ကုန်သွားလားမသိ ခဏရပ်သွားတယ်။ ဘယ် အချိန်ပြန်ပစ်မယ်တော့ မသိသေးဘူး။” ဟု ဆိုပါသည်။
မြောက်ပိုင်းတိုင်း တိုင်းမှူးသည် ဗန်းမော် -လိုင်ဇာ လမ်းကြောင်းရှိ လဂျားယန်တ၀ိုက် တပ်စွဲနေသော ကေအိုင်အေ တပ် စခန်း အားလုံးကို ဒီဇင်ဘာလ (၂၅)ရက်နေ့ကို နောက်ဆုံးထားပြီး ဆုတ်ခွာပေးရန် ရာဇာသံပေးထားခဲ့ပါသည်။
ရာဇာသံကို ဒီဇင်ဘာလ ၂၃ ရက်နေ့ရက်စွဲဖြင့် ရေးထားသော်လည်း ထိုနေ့မှ ယနေ့အထိ လဂျားယန်တ၀ိုက်ရှိ ကေအိုင် အေစခန်းများရှိရာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်နေခဲ့ပါသည်။
“အဲဒီလဂျားယန်က အရင်ကဆို ကေအိုင်အေ တပ်စခန်းပေါ့။ ၁၉၉၄ အပစ်ရပ်တော့ အစိုးရတပ်ဖွဲ့တွေက ၁၉၉၈ ခုနှစ် လောက်မှာ အတင်းလာပြီးတပ်စွဲလိုက်တယ်။ ဒီလမ်းဟာတရုတ်ပြည်ကိုလည်း ၀င်ထွက်နေတဲ့လမ်းဖြစ်တော့လိုင်ဇာမြို့မှာ (လဝက) လူဝင်မှုကြီးကြပ်ရေးအဖွဲ့ ထိုင်ဖို့ သူတို့တောင်းတယ်။ နောက်ဆုံးတော့ မြို့တွင်းဖြစ်တဲ့ လဝါမှာ နေခွင့်ပေးလိုက်တယ်။ နောက်တော့ လဂျား ယန်ကိုပါ စုပေါင်းတပ်ထားမယ်ဆိုတဲ့ သဘောနဲ့ လာတော့တာဘဲ။ အခုအထိနှင်လဲ မထွက်တော့ဘူး။” ဟု ဆိုပါသည်။
Bamaw 01
KIA စစ်ဆင်ရေးဆက်နွှဲနေပုံ(ဓါတ်ပုံ KIA)
အစိုးရတပ်ဖွဲ့သည် လဂျားယန်စခန်း၌ လက်နက်ကြီးတပ်ဆင်ရန် ရည်ရွယ်ထားသည်ဟု KIA က ယူဆထားပါသည်။ အ ကယ်၍ ထိုနေရာ၌ လက်နက်ကြီး တပ်ဆင်ထားပါက ကေအိုင်အေ၏ လိုင်ဇာဗဟိုဌာနချုပ် စခန်းသည် အစိုးရလက် အောက်သို့ ကျရောက်နိုင်သော အနေအထား၌ ရှိပါသည်။
လိုင်ဇာကို စစ်ဆင်နေသော နောက်လမ်းကြောင်းတခုမှာ လဂျားယန်နောက်ဘက်ရှိသော စတန်ပါ လမ်းပိုင်းရှိ ငှက် ပျောခြံတွင် ယနေ့မနက် (၇) နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြစ်ကြီးနား - ဗန်မော်လမ်းကြောင်းတလျှောက်တွင်လည်း နေ့တိုင်း လိုလိုတိုက်ပွဲဖြစ်နေပါသည်။ အသေးစိပ်ကို မသိရသေးချေ။
အစိုးရသည် လမ်းကြောင်း (၃) ခု လိုင်ဇာကို စစ်ဆင်နေပါသည်။ သို့သော် KIA ၏ ပျောက်ကျား ပစ်ခတ်မှုကြောင့် ရှေ့မတိုး နိုင်သေးကြောင်း KIA ကဆိုပါသည်။ လက်နက်ကြီးနှင့် စစ်ရဟတ်ယာဉ်၏ အကူကိုယူသော်လည်း ထိရောက်မှုမရှိပေ။ ၂၄ရက်နေ့ မနက် ၁၀ နာရီအချိန်၌ ခမရ (၃၉၀) နှင့် ခလရ (၂၉၈) တပ်ဖွဲ့တို့၏ စစ်ဆင်မှုကြောင့် ကွမ်းရှောင် (Kum Shawng) တပ်စခန်းနှင့် ခမွတ် (Hka Mut Post) စခန်းမှ KIA တပ်များဆုတ်ခွာခဲ့ရသော်လည်း ညဦးပိုင်း KIA ကပြန် လည် သိမ်းပိုက်ခဲ့ပြန်ပါသည်။

www.phophtaw.org

Free Backlinks
" ♪ လူကြီးမင်းတို့ စီးပွားရေး လုပ်ငန်းကြော်ငြာများ ထည့်သွင်းနိုင်ပြီ ♪ "

သတင်းအချက်အလက်များ ပေးပို့ 

အီးမေးလ်လိပ်စာ *
အကြောင်းအရာ *
ဓာတ်ပုံထည့်ရန်နေရာ
အကြံပြု/ဝေဖန်ချက် *
♫ မိမိတို့အမြင်လေးကို သည်နေရာက ပို့ပေးခဲ့နိုင်သလို ၊ သတင်းနှင့် နည်းပညာများကိုလည်း ပို့စ်တင်လိုပါက ♫ "
Related Posts Plugin for WordPress, Blogger...